Saturday, 15 October 2016

ဆယ်လ်မွန်ငါးကင်








အလုပ်မအားတဲ့ ရက်တွေဆို အမြန်ဟင်းလေးတွေ ချက်ဖြစ်တာ များပါတယ် ဒီတခါတော့ လွယ်ကူ မြန်ဆန် ဆယ်လ်မွန်ငါးနဲ့ ဘေဘီမုန့်ညှင်းလေးတွေကို ကင်စားဖြစ်လို့ ကင်နည်းလေး မျှဝေလိုက်ပါတယ် ကင်တယ်လို့ အလွယ်ပြောပေမဲ့ တကယ်တမ်းကြတော့ အိုးပူတိုက်ရုံ သက်သက်ပါဘဲရှင်။

ပါဝင်ပစ္စည်းများ

  1. ဆယ်လ်မွန်ငါး - အနေတော် တစ်တုံး
  2. ဆား - အနည်းငယ်
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. ဘေဘီမုန့်ညှင်း - တစ်ပင်ခန့်
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး ရေစစ်ထားပါ
  • ဘေဘီမုန့်ညှင်ပင်ကိုလဲ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို ဆား ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသားငါးကင်သော အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာနယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
  • ငါးအသား ကျက်ပြီဆိုတာနဲ့ ရေစစ်ထားသော ဘေဘီမုန့်ညှင်းပင်ကို တခုချင်းဖဲ့ပေးကာ ငါးကင်အိုးထဲထည့်ပေးပြီး တမိနစ် သာသာလောက် လှိမ့်ပေးပါ
  • အရွက်များ နွမ်းလာတာနဲ့ ဆယ်လ်မွန်ငါးကင်နှင့် ဘေဘီမုန့်ညှင်းကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ။

Friday, 14 October 2016

ကန်စွန်းဥသာကူ အုန်းနို့ဆမ်း






အပြင်စာ စားခဲ့တဲ့အတွက် နေ့လည်နေ့ခင်းလဲ အိမ်မှာဘဲ မုန့်ပဲသရည်စာ တမျိုးမျိုး လုပ်စားဖြစ်ကြပါတယ် ဒီနေ့တော့ သာကူအုန်းနို့ဆမ်းလေး သောက်ချင်စိတ် ပေါ်လာတာနဲ့ သာကူကျိုဖြစ် ပြန်ပါတယ်။

မာမာကျိုတဲ့နည်းအတိုင်း ကျိုလိုက်ရင် သာကူစေ့တွေ အရမ်းပွမသွားဘဲ ၃ရက်လောက်အထိ ရေခဲသေတ္တာထဲမှာ ထားပြီးစားနိုင်တဲ့အတွက် ကျိုကြည့်စေချင်ပါတယ်။

ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  3. ရေ - 600 ml ( အုန်းနို့နှင့် ရောကျိုရန်)
  4. သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  6. သာကူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
  7. Food color ပန်းရောင် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး


ပြင်ဆင်ပုံ

  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ကျေိုပြီးသာ သာကူရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို food color ပန်းရောင်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာကူများခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
  5. သုံးသော သာကူစေ့များ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  6. မိမိအသုံးပြုသော သာကူအပေါ်မူတည်ပြီး ချင့်ချိန်ပြီး ကျိုပေးပါ
  7. သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  8. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်

  1. ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
  2. ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံလေးဖြင့် ထိုးကြည့်ပါ
  3. ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
အုန်းနို့ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
  • အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
  • သာကူ ကန်စွန်ဥ အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီနှင့် ထည့်ထားပါက ရေခဲသေတ္တာထဲမှာ ၃ရကိလောက်အထိ ထားနိုင်ပါတယ်
  • အအေးခံထားသော သာကူနှင့် ကန်စွန်းဥကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ပန်းကန်တခုထဲမှာ ပြင်ပေးပါ
  • ကန်စွန်းဥသာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေး ပြင်ပေးပြီးတာနဲ့ စားသုံးရန် ရပါပြီ။
  • အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။

Tuesday, 11 October 2016

ဘရော့ကိုလီကြော်




ဒီနေ့တော့ တစ်ယောက်ထဲ ခပ်ပျင်းပျင်း ရှိတာနဲ့ အသီးအရွက်တွေ ဘာရှိလဲ ရှာရင်းက ဘရော့ကိုလီလေး ထွက်လာတာနဲ့ တန်ပူရာမှုန့် မုန့်နှစ်လေးလူးကာ ကြော်ဖြစ်သွားပါတယ် ဒါောကာင့်မို့လို့ ဒီတခါတော့ ဘရော့ကိုလီ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘရော့ကိုလီ  - အနေတော် တစ်ပွင့်
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံးစာ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ဘရော့ကိုလီကို အပွင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း အခက်လေးတွေ လှီးပေးပါ
  • ရေနှင့် ဖျော်ထားသော မုန့်နှစ်ထဲမှာ ဘရော့ကိုလီကိုထည့်ပြီး နယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန့်နှစ်လူးထားသော ဘရော့ကိုလီကို ဇွန်းနှင့်တခုခြင်းခပ်ကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြေးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဘရော့ကိုလီကြော် ကြွတ်ကြွတ်လေးကို အချဉ်ရည်နှင့်တွဲဖက်ပြီး စားနိုင်ပါပြီ။

Monday, 10 October 2016

ကြက်သွန်နီကြော်






ဒီတခါတော့ အပျင်းပြေ အကြော်လေး ကြော်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ စားရအောင် ကြော်ဖြစ်တဲ့ ကြက်သွန်ကြော် အလွယ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်နီ  - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံးခန့်
  5. အသုံးမပြုရသေးသော ဒုတ်ချွန်လေးများ - လိုသလောက်

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့်ကို ရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခြမ်းပေးပါ
  • ထက်ခြမ်းခြမ်းပြီးတာနဲ့ ပုံပါအတိုင်း ကြက်သွန်နီကို ဒုတ်တံလေး ထိုးပေးကာ  မထူမပါးလေး လှီးပေးပါ
  • နောက်တခု ထပ်လှီးမယ်ဆိုရင် ဒုတ်ချွန်လေးကို ကြက်သွန်မှာ အရင်စိုက်ပြီးမှ လှီးပေးပါ
  • ထိုနည်းအတိုင်း ကြက်သွန်ကုန်အောင် လှီးပေးပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက မီးကိုအနေတော်လျှော့ပေးကာ ဒုတ်ထိုးထားသော  ကြက်သွန်နီကို အသာလေးချပြီး ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

Sunday, 9 October 2016

ငရုတ်ကောင်း ဆန်လှော်မုန့်ဟင်းခါး














မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ ချက်နည်းအစုံ တွေ့ရမှာပါ ဒီနေ့တော့ ကိုယ်စားဖူးတဲ့ အရသာလေးကို အခြေခံပြီး ဖားအံဆေးရုံဘေးမှာ ရောင်းတဲ့ မုန့်ဟင်းခါး အရသာအတိုင်း ရအောင် ချက်ထားကာ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန့်ဟင်းခါးဖတ် - 1000g
  • ငါးခူ - 500g
  • ငါးငံပြာရည် - လိုသလောက်
  • ဆား - လိုသလောက်
  • ကြက်ဥ - ၆လုံး
  • ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )
  • ကြက်သွန်နီ - အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)
  • ဆန်လှော်မှုန့် - ၁၀၀ဂရမ်
  • ချင်း - တလက်မခန့်
  • နနွင်းမှုန့် - လိုသလောက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး (ဆီချက်ချက်ရန်)
  • ရေအေး - ၃လီတာခန့် (ဟင်းရည်ချက်ရန် )
  • ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)
  • ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် ပူစီနံ နံနံပင် သံပုရာသီး - လိုသလောက်
ငါးပြုပ်ရန်
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူကို ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးကျက်ပါက ငါးပြုပ်ရည်ကို ဖယ်ထားပါ
  • ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို ထောင်းပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ
ပြင်ဆင်ရန်
  • ကြက်ဥ၅လုံးကို ပြုပ်ပြီး အခွံခွာကာထားပါ
  • ကြက်ဥ တလုံးကို အစိမ်းခလောက်ထားပါ
  • ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ
  • ချင်းကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်ကောင်းမှုန့်ကို ညက်အောင်ထောင်းထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် သံပုရာသီးတို့ကို ရေဆေးကာ ပြင်ထားပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ
  • နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲကြော် ပြင်ထားပါ
  • ကြက်သွန်ဖြူ ဆီချက်ပြင်ထားပါ

ကြက်သွန်ဖြူ ဆီချက်ချက်ရန်

  • ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို အခွံခွာကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ
  • ဒယ်အိုးတလုံးမှာ ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာထည့်ပါ
  • မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ


ငါးဆီသတ်ရန်

  • ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊ နီ  ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ
  • ပြီးတာနဲ့ နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ
  • ငါးအသားများ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်းတ၀က်ကို ထည့်မွှေပေးပါ
  • ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ

ဟင်းရည်ချက်ရန်


  • ဇောက်နက်သော အိုးကြီးကြီး တလုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည်  ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ပြုတ်ထားသော ကြက်ဥတို့ကို ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက နောက်ထပ်ရေ အနေတော် ထပ်ထည့်ပေးပါ

  • ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ
  • ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ
  • ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ
  • ကြက်သွန်နီများ နူလာပါက ခလောက်ထားသော ကြက်ဥကို ဟင်းရည် ပွက်ပွက်ဆူနေချိန်မှာ အိုးအပေါ်မှ စက်ဝိုင်းပုံစံ လောင်းချပေးပြီး  တဖက်သတ်ထဲ မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ သံပုရာရည်  ပဲပင်ပေါက် ကြက်သွန်ဖြူဆီချက်အဖတ် ကြက်သွန်ဖြူ ဆီချက်အနည်းငယ် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိလှသော ငရုတ်ကောင်း ဆန်လှော် မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ

Saturday, 8 October 2016

ကြက်အသည်း ဆီပြန်ဟင်း


ကြက်အသည်းတွေ ၀ယ်ထားပြီး သုပ်စားရင် ကောင်းမလား ပြုပ်ပြီးအချဉ်လေးနဲ့စားရင် ကောင်းမလား စဉ်းစားရင်းက ဆီပြန်လေးဘဲ ချက်ဖြစ်သွားပါတော့တယ် ကြက်အသည်းက မချက်တတ်ရင် အင်မတန် ညှီတဲ့အတွက် ဟင်းခတ်အမွှေးအကြိုင် များများများသုံးဖို့တော့ လိုပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • ပျဉ်းတော်သိမ်းရွက် - ၃ခက်ခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန်နှင့် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ကြက်အသည်းနှင့်ကပ်နေသော သည်းခြေအိတ်ကိုထုတ်ပြီး ရေဆေးပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကိုထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ဆီသတ်နေစဉ် ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာ အိုးကိုလှုပ်ပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာပျဉ်းတော်သိမ်းရွက်နှင့်  မဆလာအုပ်ပြီး အရသာမြည်းပါ
  • အရသာကို လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်း မွှေးမွှေးလေး ရပါပြီ။

Friday, 7 October 2016

ကြက်ဥ ငါးပိချက်



ဒီနေ့တော့ ဟင်းချက်စရာ စဉ်းစားရတာ ဆံပင်လဲ တော်တော် ဖြူလာပြီမို့လို့ အိမ်မှာရှိတာတွေ မွှေနှောက်ပြီး သီးရွက်စုံ ချဉ်ရည်ဟင်း တစ်မယ်ရယ် ကြက်ဥငါးပိချက်ရယ် ချက်ဖြစ်လို့ကြက်ဥငါးပိချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - လေးလုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  4. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  5. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွှန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ကြက်ဥကို ဇလုံတလုံးထဲ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • အိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး တမိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ခလောက်ထားသော ကြက်ဥ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နှစ်သက်ရာ တို့စရာနှင့် ချဉ်ရည်ဟင်းတို့ဖြင့် တွဲဖက်ပြီး စားနိုင်မည့် ကြက်ဥငါးပိချက် စပ်စပ်လေး ရပါပြီ။