Thursday, 19 May 2016

မြိတ်ကပ်ကျေးကိုက်










ဆောင်းဦးရာသီလေးမှာ စားချင်နေတာက ပူစပ်ပူလောင် အစာလေးတွေဘဲ စားချင်နေမိတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မြိတ် ( ဘိတ်)ကပ်ကြေးကိုက်ကို ပူပူ စပ်စပ်လေး ကြော်လိုက်တယ်ပေါ့ရှင်။

ကြော်နည်းလေးတွေ ပါဝင်ပစ္စည်းလေးတွေ ထည့်ထားသော အချိုးအစားလေးတွေ တစ်ယောက်နဲ့တစ်ယောက် ကွာကောင်း ကွာပါလိမ့်မယ် ကိုယ်ခံတွင်းလိုက်သလို ပြင်ဆင်ပြီး ကြော်ထားသော မြိတ် (ဘိတ်)ကပ်ကြေးကိုက်ကြော်သာ ဖြစ်ပါတယ် ဆိုတာလေးလည်း အသိပေးရင်း မာမာ့ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားခေါက်ဆွဲ အခြောက်ထုတ် - 300 g
  2. ပုဇွန်ထုတ် - ဆယ့်ငါးကောင်ခန့်
  3. ၀က်အူချောင်း - ငါးလက်မခန့် သုံးချောင်း
  4. ပင်လယ်စာ ဂဏန်းချောင်း - သုံးချောင်း
  5. ပြည်ကြီးငါး - အနေတော် သုံးကောင်
  6. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  7. စတော်ပဲပြုပ် - မိမိနှစ်သက်သလောက်
  8. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  17. ကြက်ဥ -နှစ်လုံး

ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲဖတ်ကို ရေတစ်နာရီခန့်စိမ်ထားပြီး ရေနွေးဆူဆူမှာ နှစ်မိနစ်ခန့် ပြုပ်ပေးပါ
  • ခေါက်ဆွဲသား မတူနိုင်တဲ့အတွက် ပြုပ်နေချိန်မှာ ဆယ်ပြီး လက်နှင့် ဖိကြည့်ပါ
  • ခေါက်ဆွဲဖတ်များ ပျော့လာပါက ဇကာထဲ သွန်ချကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ် တစ်လုံးထဲထည့်ပြီး ဗီနီကာ ဆား ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် သကြား အချိုမှုန့်တို့ထည့်ကာ ခပ်ဖွဖွ နယ်ထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းနှင့်အမြှီးတို့ဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ထုတ်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  • ၀က်အူချောင်းကို ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ဂဏန်းချောင်း အသားကို ခပ်စောင်းစောင်း လှီးထားပါ
  • ပြည်ကြီးငါးကို သန့်စင်ပြီး လက်နှစ်လုံးလောက် အဖတ်လေးများ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ရေနွေးဆူဆူနှင့် လောင်းပြီးစိမ်ထားပါ
  • ဆီ ပဲပြုပ်နှင့် ပဲပင်ပေါက်တို့ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  1. အရသာ နယ်ထားသော ဆန်ပြားခေါက်ဆွဲဖတ် ပဲပင်ပေါက်နှင့် လိုအပ်သော ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ
  2. ဆီ ထမင်းစားဇွန်း ခွန်နှစ်ဇွန်းကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို တစ်မိနစ်လောက် ကြော်ပေးပါ
  3. ပြီးတာနဲ့ ပြည်ကြီးငါး ၀က်အူချောင်း ပုဇွန် ဂဏန်းချောင်းတို့ကို နှစ်မိနစ် ထည့်ကြော်ပြီး အဖတ်များ ဆယ်ထားပါ
  4. ပြီးတာနဲ့အိုးထဲမှာ ကျန်နေသော အရည်များထဲသို့ ရေနွေးစိမ်ထားသော ငရုတ်သီးအကြမ်းဖတ်များ ထည့်မွှေပြီး ပဲပင်ပေါက်နှင့် အရသာ နယ်ထားသော ညှပ်ခေါက်ဆွဲဖတ်များကို နှစ်မိနစ်လောက် ထည့်ကြော်ပြီး ဇလုံတစ်လုံးထဲသို့ ပြောင်းထည့်ထားပါ
  5. ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း သုံးဇွန်းထည့်ပေးပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ကြက်ဥကို ဖောက်ထည့်ပြီး အနှစ်နှင့်အကာကို ရောသွားအောင် ခေါက်ပြီး ဖြန့်ပေးပါ
  7. ကြက်ဥကျက်တာနဲ့ ကြော်ထားသော အသားများ ပဲပြုပ် ခေါက်ဆွဲများထည့်ပြီး သမအောင် မွှေကာ မီးပိတ်ပေးပါ
  8. ပူစပ်ပူလောင်လေးနဲ့ အရသာ ရှိလွန်းတဲ့ မြိတ် (ဘိတ်) ကပ်ကြေးကိုက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

Wednesday, 18 May 2016

ဘာဆာငါးဆုတ်



ငါးဖယ်လိုဘဲ မာပြီးအသား အထပ်လိုက်ရအောင်  စားလို့ကောင်းအောင် ဗလင်ဒါထဲ ထည့်ကြိတ်ထားတဲ့ ဘာဆာငါးဆုတ်ကြော်ပါ ဗလင်ဒါနဲ့မကြိတ်ဘဲ ပေါက်မယ် ထောင်းမယ်ဆိုရင်တော့ အနည်းဆုံး အချက် ၃၀၀လောက်ပေါက်ရ ထောင်းရပါမယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တမိနစ်ကြိတ် တခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ကြော်တဲ့အခါမှာ ငါးဖယ်လိုဘဲ ရပါတယ် ဘာဆာငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့စားမလား အုန်းနို့ခေါက်ဆွဲနဲ့စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိုင်တဲ့ ငါးဆုတ်လေး ရမှာပါ။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 

  1. ဘာဆာငါး - 700 g
  2. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာ ကြိတ်ပေးပါ)


ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ
  • ကြိတ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးကုန်တဲ့အထိ တလုံးခြင်း ဆုတ်ပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ပြီးမှ မီးအပူရှိန်ကို နည်းနည်းလျှော့ပြီး ဆီပူအိုးထဲသို့ တလုံးချင်း ထဲ့ပြီးကြော်ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်ပြီး  ဆုတ်ထားသောငါးဆုတ်ကို ငါးချက်လောက် ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ
  • အလွှာအထပ်လေး ရလာတဲ့ ဘာဆာငါးဆုတ် ရပါပြီ။

Tuesday, 17 May 2016

ဗန်းမော်ခေါက်ဆွဲ













ဒီနေ့တော့ ရာသီဥတု အေးစက်နေချိန်မှာ ပူပူစပ်စပ် ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲ ချက်ဖြစ်လို့ ချက်နည်းလေးလဲ မျှဝေရင်း လိုအပ်တာတွေရှိရင်လဲ အကြံပေးဖို့ အရင်ဆုံးပြောပါရစေ။

ဒီချက်နည်းလေးက မာမာ့သူငယ်ချင်း အယ်နန်ဒွဲ တခါချက်ကျွေးတာကို မှတ်ထားပြီး ချက်ထားတဲ့ နည်းလေးပါ လိုအပ်တာတွေ ရှိကောင်းရှိနေနိုင်သလို သုံးထားတဲ့ ငါးကလဲ မတူပါဘူး သူသုံးထားတာက ငါးမြစ်ချင်းပါ မာမာကတော့ ငါးမြစ်ချင်းလဲ အလွယ်တကူ မရနိုင်တဲ့ နေရာကို ရောက်နေတော့ အိမ်မှာ ၀ယ်ထားပြီးသား အလွယ်ရှိနေတဲ့ ငါးခူနဲ့ဘဲ ချက်လိုက်တာပါ။

ဆန်စီးခေါကိဆွဲ ဆန်ခေါက်ဆွဲ အလုံးသေးလေးတွေ သုံးလေ့သုံးထ ရှိကြပေမဲ့ မာမာကတော့ အဆင်ပြေသလို ဆန်ခေါက်ဆွဲ အပြားအသေးကို သုံးထားပါတယ် တိုင်းရင်းသား ရိုးရာအစာတွေ ရေးရတာ ချက်နည်းလွဲမှာရယ် ချက်နည်းမှားတဲ့အခါ ရိုးရာအစာတွေကို ဖျက်ဆီးသလို ဖြစ်မှာရယ်ကြောင့် တစုံတရာ လွဲချော်ခဲ့ရင်တော့ တတ်သလောက် မှတ်သလောက် ချက်ထားတဲ့ အိမ်ချက်လေးမို့ နားလည်ပေးကြစေချင်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ငါးခူ - 500 g
  2. မျှစ်ချဉ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. ကြက်သွန်ဖြူ - ၁၀မွှာ (ငါးဆီသတ်ရန် ငါးပြုပ်ထဲ ထည့်ရန် )
  4. ကြက်သွန်နီ - အနေတော် ၂လုံး
  5. ချင်း - တစ်လက်မခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း
  7. စပါးလင် - ၅ချောင်းခန့်
  8. ဆန်ခေါက်ဆွဲမုန့်ဖတ် အခြောက် - 375 g တစ်ထုတ်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ငါးဆီသတ် ငရုတ်သီးဆီသတ် ဆီချက်အ၀ါချက်ရန် )
  10. နံနံပင် - စားနိုင်သလောက်
  11. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့် (ငါးဆီသတ်နှင့် ဟင်းခါးထဲထည့်ရန်)
  15. ရွှေပဲရွက် - နှစ်သက်သလောက်
  16. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  17. ဆီ - တစ်လီတာခန့် (ငါးဆီသတ်ရန် ဆီဝါချက်ရန် ငရုတ်ဆီချက်ရန်နှင့် ငရုတ်သီးအကြမ်းမှုန့်ကြော်ရန်အတွက် လိုသလောက်ဘဲသုံးပါ)
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  • ငါးကို သန့်စင်ပြီး ရေစင်အောင် ဆေးထားပါ
  • စပါးလင်ကို ရေစင်အောင် ဆေးထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အိုးတစ်လုံးထဲမှာ စပါးလင်အရွက်များခင်းကာ စပါးလင်အရိုး ချင်း ကြက်သွန်ဖြူ ဆား လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ငါးကိုထည့်ပါ
  • ငါးအိုးထဲမှာ ငါးမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ရေမခမ်းခင် ငါးအသားများ နူးတာနဲ့ ငါးကိုဆယ်ပြီး အရိုးအသားများ ထွင်ထားပါ
  • ငါးအသားကို ဖယ်ထားပြီး ငါအရိုးများကို ထောင်းကာ အရည်ငင်၍ ငါးပြုပ်ရည်အိုးထဲ ပြန်ထည့်ထားပါ
မျှစ်ချဉ်ချက်ရန်
  • မျှစ်ချဉ်ကို ရေဆေးပြီး အနေတော်လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • လှီးထားသော မျှစ်ချဉ်ကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ၂ရည်လောက် ခမ်းအောင်ပြုပ်ပေးပါ
  • ပြုပ်ပြီးသော မျှစ်ချဉ်ကို ငရုတ်သီးစိမ်း ခပ်ပါးပါးလှီး၍ အရသာမှုန့် ဆားအနည်းငယ်တို့နဲ့ နယ်ထားပါ
ငါးပြုပ်ကို ဆီသတ်ရန်
  • ပြုပ်ထားသော ငါးကို အသားထွင်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူ၃မွှာကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ဆီ နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ပြီး ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင် ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ထွင်ထားသော ငါးအသားများကို ထည့်မွှေပြီး မွှေးလာအောင် ဆီသတ်ထားပါ
ဟင်းရည်ချက်ရန်နှင့် ရွှေပဲရွက်ပြုပ်ရန်
  • ငါးပြုပ်ထားသော ဟင်းရည်ကို ရေတရုတ်ဟင်းရည်သောက်ပန်းကန်လုံး နှစ်လုံးသာသာထည့်ပြီး ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်ခပ်ကာ တည်ထားပေးပါ
  • ရွှေပဲရွက်ကိုလဲ ရေနွေးထဲထည့်ကာ ပြုပ်ပြီး အရမ်းမနူးစေဘဲ ရေနွေးကိုသွန်ကာ ရေအေးနှင့် စိမ်ထားပါ
ဆီချက်၂မျိုး ချက်ရန်
  • ဆီချက်အ၀ါအတွက် ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ 
  • ဆီပူလာတာနဲ့ မီးဖိုပေါ်ကချကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ ( ကြက်သွန်ဖြူထည့်ပြီး ဆီချက်ချက်ရင်လဲ ရပါတယ် )
  • ဆီချက် အနီချက်ရန်အတွက် ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ဆီအိုးကို မီးဖိုပေါ်မှ ချပြီးမှ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်ပြီး မွှေကာ ပန်းကန်တခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
ငရုတ်သီး အကြမ်းမှုန့်ကြော်ရန်
  • ဒယ်အိုးတလုံးမှာ ဆီထမင်းစားဇွန်း ၃ဇွန်းခန့်ကိုအပူပေးပြ်ီး ဆီပူလာတာနဲ့ မီးပိတ်ပြီး ဆီအိုးကို ဘေးချကာ ငရုတ်သီးမှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ပေးထားပါ
ခေါက်ဆွဲပြုပ်ရန်
  • ခေါက်ဆွဲခြောက်များကို ရေအေးနှင့် ရေမြုပ်အောင်ထည့်ပြီး တနာရီခန့် စိမ်ထားပါ
  • ခေါက်ဆွဲသားများ ပျော့လာတာနဲ့ ဇောက်နက်သော အိုးတလုံးထဲ ရေကိုထည့်ကာ ဆူအောင်တည်ပေးပါ
  • ဆူနေသော ရေအိုးထဲသို့ ရေစိမ်ထားသော ခေါက်ဆွဲခြောက်ကို ထည့်ပြီးပြုပ်ပေးပါ
  • ခေါက်ဆွဲပြုပ်ချိန် တမိနစ်သာသာဆို ဆယ်ပြီး လက်နှင့်ဖိကြည့်ပါ ခေါက်ဆွဲဖတ်များ နူးလာတာနဲ့ ဇကာထဲသွန်ချကာ ရေနှင့် လောင်းချပြီး ဆေးကာ ရေစစ်ထားပါ
စားပွဲပြင်ရန်
  • ပန်းကန်တစ်လုံးထဲမှာ ခေါက်ဆွဲဖတ်ကို အနေတော်ထည့်ပြီး မျှစ်ချဉ် ငါးဆီသတ် နံနံပင် ရွှေပဲရွက်တို့ သင့်သလို ထည့်ပြီး ပြင်ပေးကာ ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲကို ဟင်းခါးရည်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Monday, 16 May 2016

ပဲနီလေး မုန့်ဟင်းခါး














မုန့်ဟင်းခါးလို့ ကြားလိုက်တာနဲ့ မနေနိုင်အောင် စားချင်စိက်က ဖြစ်တတ်ပါတယ် ချက်နည်းတွေ အမျိုးမျိုးရှိကြမို့လို့ ဘယ်ချက်နည်းက မှန်တယ် ဘယ်ချက်နည်းက မှားတယ်တော့ အညင်းမပွားစေလိုပါ။

မြန်မာပြည်မှာ နေစဉ်က မြန်မာပြည် တနံတလျှားက ဆေးရုံတွေမှာ အမျိုးသား တာဝန်ကျတိုင်း တောင်ပေါ်တောင်အောက် မြေပြန့် ဒေသအစုံမှာ နေခဲ့ဖူးပြီး ဒေသအစုံက မုန့်ဟင်းခါးကိုလဲ ရောက်လေရာမှာ ပထမ ဦးစားပေး အစာအဖြစ် အမြဲစားလေ့ ရှိပါတယ်။

ငါးခူနဲ့ချက်မှ မုန့်ဟင်းခါးမမည်ပါ မုန့်ဟင်းခါးမှာ ပါတတ်တဲ့ အစာတွေကို အခြေခံပြီး ချက်ရင် မုန့်ဟင်းခါးပါဘဲ နာဂတောင်တန်းမှာ နေခဲ့စဉ်က ငါးအစိုလတ်လတ်ဆတ် မရလေတော့ မုန့်ဟင်းခါးကို ငါးသေတ္တာဗူးဖောက်ပြီး ရအောင်ချက်ခဲ့ဖူးသလို အညာဒေသ တခုမှာ မုန့်ဟင်းခါးကို ကြက်သားနဲ့ ချက်တာကိုလဲ စားခဲ့ဖူးပါတယ်။

မှော်ဘီမြို့နယ်နားက ရွှေမြယာရွာ ကျွဲကူးအရှေ့ဘက်ကမ်းရွာတွေမှာ မုန့်ဟင်းခါးကို ပဲအစား ရွှေဖရုံသီးနဲ့ထဲ့ချက်ပါတယ်။

အဲဒီလိုပါဘဲ ဒေသမတူသလို ချက်နည်းတွေလဲ ကွဲတတ်ကြပါတယ် ငှက်ပျောအူပါမှ မုန့်ဟင်းခါးလို့ပြောကြပေမဲ့ ငှက်ပျောအူ မပါဘဲ ချက်တဲ့မြို့တွေလဲ ရှိပါတယ် ငှက်ပျောအူ အစားထိုး ကြာစွယ်ထည့်တတ်သလို ကြာစွယ်အစား ကြက်သွန်နီဥနဲ့ ချက်ကြတာတွေလဲ ရှိကြပါတယ်။

ထိုနည်းတူပါဘဲ ဆန်လှော်မှုန့် မပါလို့ မုန့်ဟင်းခါး မဟုတ်ဖူးလို့ ပြောလို့မရပါ ဆန်လှော်မှုန့်အစား ရွှေကြည်အလှော်မှုန့်ကိုလဲ သုံးပြီးချက်နိုင်ပါတယ် အဲဒီလိုပါဘဲ ကုလားပဲဆံအစား ပဲနီလေး ပဲဝါလေးတို့ကို အစားထိုးပြီး ထည့်ချက်နိုင်ပါတယ်။

ဒါကြောင့်မို့ အဆင်ပြေသလို မုန့်ဟင်းခါးအိုးတလုံး ဖြစ်လာအောင် ရိုးရာအစာ တခုဖြစ်တဲ့ မုန့်ဟင်းခါး ချက်နည်းများကို အခြေခံပြီး အရသာ မပျောက်အောင် ချက်ကြည့်စေချင်ပါတယ်။

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - တကီလို (တခြားငါးများကို အစားထိုးပြီး ချက်နိုင်ပါတယ်)
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်
  6. ထုပြီးလိမ်ထားသော စပါးလင် - ၃ပင်
  7. ငါးကိုရေမြုပ်အောင်ထည့်ပြုပ်ပြီး ငါးနူးလျှင် အအေးခံပြီး ငါးကိုချေထားပါ
  8. ဘာဆာငါးအစား ငါးခူ ငါးကျဉ်း ငါးရံ့ ငါးမြစ်ချင်း ငါးချင်း တို့လဲ သုံးနိုင်ပါတယ်
  9. အရိုးပါတဲ့ ငါးဆိုရင်တော့ အရိုးအသား သတ်သတ်စီ ထွင်ထားပေးပါ။

ငါးဆီသတ်ရန် လိုအပ်သောပစ္စည်း

ငါးပြုပ်အရည်ငင်ရန်
  • ငါးပြုပ်ထဲမှ စပါးလင်နှင့်ငရုတ်သီးတောင့်ကို ရောထောင်းပါ အရိုးပါသောငါးဖြစ်ပါက ထွင်ထားသောအရိုးပါ ထည့်ထောင်းပေးပါ
  • အားလုံးထောင်းပြီးပါက ငါးပြုပ်ရည်လက်ကျန်နှင့်ရေ အနည်းငယ်ရောကာ ထောင်းတာတာတွေထည့်ပြီး အရည်ငင်ထားပေးပါ
  • အရည်စစ်ပြီးသော စပါးလင်ဖတ်များကို လွှင့်ပြစ်ပါ

ဆီသတ်ဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ပါးပါးလှီးထားပါ
  • ချင်း၅ကျပ်သားကို အခွံခွာပြီး ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူအမွှာကြီးကြီး ၃၀လောက်ကို အခွံခွာထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပြီဆို ဘလင်ဒါထဲအားလုံးထည့်ပြီး တမိနစ်ကြိတ် တခါနားကာ ၁၀မိနစ်ကြိတ်ပါ
  • ဘလင်ဒါမရှိက ငရုတ်ဆုံနှင့် ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီ ကြီးကြီး၃လုံးကို ပါးပါးလှီးထားပါ

ဆီသတ်နည်း
  • ဆီ၁၅ကျပ်သားကို အပူပေးပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီကို မွှေးလာအောင်ကြော်ကာ ငရုတ်သီး အရောင်တင်မှုန့်  ထမင်းစားဇွန်း၂ဇွန်း ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ကြိတ်ထားသော စပါးလင်များကို ထည့်ပြီးဆီသတ်ပေးပါ 
  • ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်အသားထွင်ထားတာများကို ၅မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ငါးပြုပ် အရည်ငင်ထားတာကိုထည့်ပြီး အရသာမှုန့် လက်ဖက်ရည်ဇွန်းမောက်မောက် တဇွန်း ထည့်ကာ ဆီသတ်ထားသောငါးများ ခြောက်လာတဲ့ထိ  မွှေပေးပါ
  • ငါးဆီသတ် ခြောက်လာပါက အအေးခံပြီး ရေခဲသေတာ အပေါ်ထပ်မှာ ခဲထားကာ မုန့်ဟင်းခါးချက်ခါနီးမှ လိုသလောက်ထုတ်သုံးနိုင်ပါပြီ။
မုန့်ဟင်းရည်ချက်ရန်
  • ငါးဆီသတ်ပြီးသား လက်ဖက်ရည် အကြမ်းပန်းကန် - တစ်လုံးမောက်မောက် (ဖိထည့်ပေးပါ)
  • နူးအိနေအောင် ပြုပ်ထားသော ပဲနီလေး - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  • အခွံခြွတ်ပြီး မညက်တစ်ညက် ထောင်းပြီးသော မြေပဲလှော် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆန်လှော်မှုန့် ထမင်းစားဇွန်း - ၇ဇွန်းခန့် (ရေအေးအနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ဖျော်ထားပါ )
  • အခွံခွာပြီး ရေဆေးထားသော ကြက်သွန်နီ - ခပ်သေးသေး ၁၀လုံးခန့်
  • ကြက်ဥ သို့မဟုတ် ဘဲဥပြုပ် - ၇လုံး
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ညက်နေအောင် ထောင်းထားသော - ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (မထည့်လဲရ )
  • ရေ - တရုပ်ဟင်းရည်သောက် ပန်းကန်လုံး ၃လုံး

ပြင်ဆင်ပုံ


  • ကြက်ဥပြုပ် ၂လုံးကို ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ပြုပ်ထားသော ပဲနီလေးကို ကျေအောင်ချေလိုက်ပါ
  • ထိုအိုးထဲမှာ ရေ ငါးဆီသတ်နှင့် မြေပဲထောင်းများထည့်ကာ မီးအနေတော်နှင့် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက ကြက်သွန်နီဥကို ထည့်ပေးပါ
  • ကြက်သွန်နီဥများ နူးလာပါက အရည်ဖျော်ထားသော ဆန်မှုန့်ကို ထည့်မွှေပေးပါ
  • အိုးအောက်ခြေ မကပ်စေရန် မကြာမကြာမွှေပေးပါ
  • ဆန်လှော်နှစ်အရည် ပြစ်လာပါက လှီးထားသောကြက်ဥနှင့် ငရုတ်ကောင်းမှုန့် ဆား ငံပြာရည်တို့ ထည့်မွှေပေးပါ
  • ကြက်သွန်ဥများနူးပါက ဟင်းရည်အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးကို လျော့ထားပြီး မီးဖိုပေါ်မှာဘဲ တင်ထားပေးပြီး သုံးဆောင်နိုင်ပါပြီ။
  • ဟင်းရည် ပြစ်ပြစ် မကြိုက်ပါက ရေနွေးဆူပြီးသားကို လိုသလောက် ထပ်ရောပြီး အရသာကို နည်းနည်းပြင်ပေးနိုင်ပါတယ်။
  • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ချက်နိုင်ပြီး မထည့်လဲရပါတယ်
  • ဆန်လှော်မှုန့်မရှိက ရွှေကြည်အလှော်မှုန့်ကို ဆန်မှုန့်အချိုးအစားထက် နည်းနည်းလျော့ထည့်ပြီး ထည့်ချက်နိုင်ပါတယ်။

Sunday, 15 May 2016

ဆိတ်သားဟင်းအနှစ်ဆမ်း PASTA








မြန်မာအစာမဟုတ်ရင် စားသာစားတာ သိပ်အာသီသ မရှိတတ်သလို စားနေရင်းက ပါးစပ်ထဲမှာ အရသာက ပေါ့ရှန်ရှန်နေသလိုလို အရသာက ဘာလိုနေမှန်း မသိသလိုလိုနဲ့ ဖြစ်တတ်လွန်းတာမို့လို့ ဒီနေ့တော့ ပါစတာကို မြန်မာမှုပြုပြီး ချက်ပလိုက်ပါတယ်။

ထမင်းမစားချင်တဲ့ နေ့လေးတွေမှာ စိတ်အပြောင်းအလဲလေး ဖြစ်ရအောင် မာမာ့လက်ရာ အိမ်ချက် ပါစတာကို ဆိတ်သားနဲ့ ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆိတ်သား - 500g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
  • ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
  • ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၇ဇွန်း
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆိတ်သားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးများကို ပုံပါအတိုင်း လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
  7. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  8. ဆိတ်သားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
  9. ပထမတရည်ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  10. နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
  11. ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ဆိတ်သားဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။



Saturday, 14 May 2016

မုန့်တီ စပ်စပ်လေး


မုန့်တီပူပူစပ်စပ်လေး ချက်သောက်ဖြစ်လို့ မာမာချက်တဲ့ နည်းကိုဘဲ မျှဝေလိုက်ပါတယ် တိုင်းရင်းသား ရိုးရာအစာတွေချက်ရတာ နေရာဒေသ တနေရာနဲ့ တနေရာ ချက်နည်းတွေ မတူကြတဲ့အတွက် တခါတရံ ချက်နည်းမှားတယ် ဘာညာ လာပြောရင် တော်တော်လေးတော့ သည်းခံရပါတယ်။

ဘယ်အစာကိုဘဲဖြစ်ဖြစ် အစာတခုမှာ ပါဝင်တာတွေကို ရိုးရာအစာ အရသာကို မပျောက်ပျက်စေဘဲ ပါဝင်ပစ္စည်းတွေကို အခြေခံကာ ကိုကိုယ်တိုင် ဆန်းသစ်ပြီး ချက်ကြည့်စေချင်သလို တယောက်နဲ့ တယောက်လဲ အကြိုက်တွေ မတူကြတာမို့လို့ ကိုယ်နှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်တတ်အောင် ကျိုးစားကြည့်စေချင်ပါတယ်။

အခုလဲ မာမာ့အကြိုက် ပုံစံတမျိုးနဲ့ ချက်ထားတဲ့ မုန့်တီချက်နည်းတူပေမဲ့ သုံးထားတဲ့ ငါးမတူတဲ့အတွက် ငါးရွှေနဲ့ချက်မှ မုန့်တီလို့တော့ ပြောကြအုံးမယ် ထင်ပါတယ် ငါးရွှေမရှိတဲ့ အရပ်ဒေသမှာ အနီးစပ်ဆုံးတူအောင် စားချင်စိတ်ကို အာသီသဖြေဖို့အတွက် ချက်ထားခြင်းသာ ဖြစ်ပါတယ်။

အရင်တခါ ဘာဆာငါးနဲ့ချက်ပြီး အခုတခါတော့ ငါးခူနဲ့ချက်ထားပါတယ် ငါးခူက ဟင်းရည်အရသာကို ပိုပြီးချိုစေပြီး ဘာဆာငါးကတော့ အချိုပေါ့ပါတယ် ချက်နည်း ပါဝင်ပစ္စည်းကတော့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ
ငါးပြုပ်ရန်

  1. ငါးခူ - နှစ်ဆယ်သား
  2. ငံပြာရည် - လက်ဖက်ရည်ပန်းကန်လုံး တဝက်သာသာ
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း တို့ကိုရေမြုပ်ရုံ  ရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးမျးကို ထွင်ထားပါ
  4. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်အောင်ထောင်းပြီး ရေ အနည်းငယ်နှင့် အရည်ငင်ထားပါ။

ဟင်းရည်ချက်ရန်
  • ရေ - 11 cups
  • အရိုးငင်ထားသော ငါးရိုး -အရည် အနည်းငယ်
  • ကြက်သွန်ဖြူ - ဆယ်မွှာ (ထောင်းပေးပါ)
  • ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ပုဇွန်ငပိ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  • ပဒဲကော - တစ်လက်မ (ထောင်းပေးပါ)
  • ငါးဖယ်ခြစ် သို့မဟုတ် ဘာဆာငါးခြစ် အနည်းငယ်ကို အရသာနယ်ပြီး အချက်၂၀၀လောက် ပေါက်ကာ အလုံးလေးတွေ လုပ်ထားပါ
  • အရိုးထွင်ထားသောငါး အသားများနှင့် ပါဝင်ပစ္စည်း အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက ငါးခြစ်လုံးလေးများ ဟင်းရည်ထဲထည့်ပေးပါ ငါးလုံးများ ရေပေါ်ပေါ်လာပါက ဟင်းရည်အိုးကို အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
မုန့်တီထဲ ထည့်သောက်ရန်
  • ငရုတ်သီးစိမ်း အစပ်တောင့် - စားနိုင်သလောက် (လှော်ပြီးထောင်းပေးပါ)
  • Ready made မုန့်ဖတ်အခြောက် - 400 g (ပြုပ်ပေးထားပါ)
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • သံပုရာသီး - တစ်လုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင်ခန့် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ် (အနေတော် ညှပ်ထားပေးပါ)
  • ကြက်သွန်ဖြူဆီချက် - တရုတ်ဟင်းပြင်ပန်းကန် အသေးတလုံးစာ ချက်ထားပါ
တစ်ပွဲစာပြင်ရန်
  • မုန့်ဖတ် - လက်တစ်ဆုတ်စာ
  • ပဲကြော် - ထမင်းစားဇွန်းတစ်ဇွန်း
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  • မကျည်းမှည့်ရေ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငရုတ်သီးစိမ်းထောင်း - လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငါးဖယ် - တစ်ချပ်
  • ကြက်သွန်ဖြူဆီချက်အဖတ် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်
အိမ်မှာရှိတာလေးတွေနဲ့ စားကောင်းအောင် ချက်ထားတဲ့အတွက် ပုံမှာ တချို့ပစ္စည်းများ မပါပါ ။

Friday, 13 May 2016

ကြက်သား အချိုချက်


အစပ်မစားသူတွေအတွက် အဆင်ပြေစေမဲ့ ကြက်သားအချိုချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - 450g
  • ကြက်သွန်ဖြူ -၂မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ချင်း - လက်တဆစ်ခန့်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် ( ကြက်သားအရသာနယ်ရန်နှင့် ဟင်းဆီသတ်ရန်)
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  3. ကြက်သားကို ဆား နနွင်း အရသာမှုန့်တို့နှင့် နယ်ထားပါ
  4. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  6. ပြီးတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်းကို ထည့်ပြီးဆီသတ်ပါ
  7. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ဆီသတ်ပါ
  8. ကြက်သားများ မာလာတာနဲ့ ရေမြုပ်အောင် ထည့်မွှေပါ
  9. အောက်ခြေ မကပ်စေရန်နှင့် ကြက်သားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  10. ပထမ တရည်ခမ်းတာနဲ့ ပဲငံပြာရည် ထည့်ပြီး ရေအနည်းငယ် ထပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  11. ဟင်းအိုး မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပြီး ဆီကျန်ရေကျန်လေး ရအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ပြီး စားသုံးရန် ပြင်နိုင်ပါပြီ