Sunday 8 September 2024

ငုံးဥ ကြက်သားဟင်း

 



မာမာဒီနေ့တော့  ကြက်သားနဲ့ ငုံးဥကို ဆီပြန်လေး ချက်ပါတယ် မာမာ့လိုဘဲ ချက်စားချင်တဲ့  သူတွေအတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငုံးဥ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  2. ငုံးဥ - အလုံးနှစ်ဆယ်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  7. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
  • ငုံးဥကို ကျက်အောင်ပြုပ်ပြီး အခွံခွါထားပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်
  • ကြက်သွန်နီ အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ

ဟင်းချက်ရန်
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သား နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • ကြက်သား နူးလာပါက ငုံးဥထည့်ပေးပါ
  • ဟင်းအိုး ဆီလည်ရေလည် အနေအထား ရလာပါက ငုံးဥ ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိိိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ငုံးဥ ကြက်သားဟင်းဆီပြန် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။

No comments:

Post a Comment