Saturday 21 September 2024

ဝက်အူပိတ်ပြုပ်

 




မာမာဒီနေ့တော့ ဝက်အူပိတ်လေးတွေ ဝယ်လာပြီး အနံ့အသက်ကင်းပြီး သန့်စင်အောင် ဆေးပေးကာ ပြုပ်‌ကြော်လေး လုပ်ဖြစ်ပါတယ်။

ဝက်အူပိတ်က ဆေးရတာကို အချိန်ပေးရပါတယ် မာမာကတော့ အရင်ထဲက အသန့်ကြိုက်တဲ့အတွက် ဝက်အူပိတ်ကို အချိန်ပေးပြီး သေသေချာချာ ဆေးပေးပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားတဲ့ ဝက်အူပိတ်‌ ဆေးနည်းနဲ့ ပြုပ်ကြော် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်

ပါဝင်

  1. ဝက်အူပိတ် - သုံးဆယ်သား
  2. ပဲအစိမ်းမှုန့် - လိုသလောက် သုံးပေးပါ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်အူပိတ်ဆေးရန်)
  5. သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
  6. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အရသာနယ်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  9. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  10. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  12. သစ်ဂျပိုးခေါက် - အနေတော် တစ်ချောင်း
  13. နာနတ်ပွင့် - (အရသာနယ်ရန်)
  14. ချင်း - လက်တဆစ်ခန့်  
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ

ဝက်အူဆေးရန် ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်အူပိတ်များကို ဇလုံထဲမှာ ထည့်ပေးပြီး ပဲအစိမ်းမှုန့်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပြီး နယ်ပေးပါ
  • ဝက်အူပိတ်မှ အရိအရွဲများ ထွက်လာတာနဲ့ ရေနှင့်ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ နောက်တစ်ခါ ပဲအစိမ်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းထပ်ထည့်ပြီး ဝက်အူပိတ်များကို နယ်ပေးပါ
  • အထက်ပါနည်းအတိုင်း ရေဆေးလိုက် ပဲစိမ်းမှုန့်ထပ်ထည့်လိုက် နယ်ပြီးရေဆေးလိုက် လေးခါလောက် ဆေးပေးပါ
  • ဝက်အူပိတ် အပြင်ပိုင်းကို ပဲစိမ်းမှုန့်နဲ့ လေးထပ်လောက် ဆေးပြီးတာနဲ့ ဝက်အူကို ပြောင်းပြန်လှန်ပြီး ပဲစိမ်းမှုန့်ထည့်ကာ အထက်ပါနည်းအတိုင်း ငါးထပ်လောက် ‌နယ်လိုက်ဆေးလိုက် လုပ်ပေးပါ
  • ပဲစိမ်းမှုန့်နဲ့ ဆေးပြီးတာနဲ့ ဝက်အူများကို နနွင်းမှုန့် သံပုရာရည်နှင့် ဆားထည့်ကာ နယ်ပေးပါ
  • ဝက်အူကို ရေနှင့် လေးငါးထပ်လောက် ဆေးပေးပြီးပါက အနံ့အသက်များ ကင်းသွားသလို မလိုအပ်တဲ့ အညစ်အကျေးများလဲ ကုန်သလောက် ဖြစ်သွားပါပြီ။

ဝက်အူပြုပ်ပုံ

  • ဝက်အူပိတ်များကို ဆား  ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နာနတ်ပွင့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဒါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးပြီး ဒါးပြားရိုက်ထားပါ
  • ရေယ်အိုးထဲမှာ သကြားကိုထည့်ပြီး လှော်ပေးပါ
  • သကြားများ ပျော်လာပြီး ညိုရောင်သန်းလာတာနဲ့ သစ်ဂျပိုခေါက် ချင်းနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ကြော်ပေးပါ
  • အနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ဝက်အူများကို ထည့်ကြော်ပေးပါ
  • ဝက်အူများ မာတင်းလာတော့မှ ရေမြုပ်အောင် ထည့်ပြီးတည်ထားပါ
  • ပထမ တရည်မခမ်းခင် နောက်ထပ်ရေထပ်ထည့်ပြီး တည်ပေးပါ
  • ရေနှစ်ရည် ခမ်းပြီးချိန်မှာ ဝက်အူထဲမှ ဆီပြန်ပြီး ထွက်လာချိန်မှာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်အူပိတ်များကို ထွက်လာတဲ့ ဆီထဲမှာ လှိမ့်ပေးပါ
  • ဆီရောင် ဝင်းလာပါက အရသာ အလွန်ရှိသော ဝက်အူပိတ်ကို မထူမပါး လှီးပေးကာ မိမိနှစ်သက်ရာ အချဥ် ကြက်သွန်ဖြူ ငရုတါသီးစိမ်းတို့နှင့် တွဲဖက်ကာ အရသာရှိစွာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment