Wednesday 4 September 2024

အမဲမပျော်ဆီဟင်း

 



ဒီနေ့တော့ အမဲသား မပျော်ဆီလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ခရမ်းချဉ်သီး ခပ်များများလေးထည့်ပြီး ခပ်ချဉ်ချဉ် ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။

အမဲသား မပျော်ဆီ တို့ရဲ့ သဘာဝက ဘယ်လောက်ချက်ချက် အဆီတုံးလေးတွေက ပျော်မသွားပါဘူး။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲမပျော်ဆီ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲမပျော်ဆီ - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင် - တစ်ပင်
  7. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  12. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံးခန့်
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ မပျော်ဆီကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ရေဆေးပြီးသော အမဲမပျော်ဆီများ ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • စပါးလင် အပင်တစ်ပင်ကို ရေဆေးပြီး မညက်တစ်ညက်ထည့်ကာ အပင်လိုက်ကို လိမ်ပြီး ထုံးထားပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ထုံးထားသော စပါလင်နှင့် ခရမ်းချဉ်သီးကို အရင်ဆုံး ထည့်ပြီးဆီသပ်ပေးပါ
  • ခရမ်းချဉ်သီးမှား ကျေလာတော့မှ အရသာ  နယ်ထားသော အမဲမပျော်ကိုဆီများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲမပျော်ဆီများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမတစ်ရည် ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲမပျော်ဆီများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ မပျော်ဟဆီဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment