Saturday 28 September 2024

ကပ်ကတစ်ငါးမွှေ

 



မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါးကို ခရမ်းချဉ်သီး အနှစ်များများနဲ့ ငါးမွှေဟင်းလေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါး အရိုး အသားတွဲရက် - 500 gm (အကောင်ကြီးကြီးကိုသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. စပါးလင် - အနေတော် တစ်ပင်
  7. ချင်း - လက်တစ်ဆစ်
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  9. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  13. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  14. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  15. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  16. နံနံပင် - မိမိနှစ်သက်သလောက်
  17. ငရုတ်သီးစိမ်း - စားနိူင်သလောက််

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • အခုက ငါးမွှေချက်မှာ ဖြစ်တဲ့အတွက် အရိုးနဲ့အသားတွဲရက် ငါးတုံးကို သုံးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအသားလွှာကာ ခေါင်း အမြှီးနဲ့ အလယ်ရိုးများကို ဖယ်ထားပါ
  • ငါးအရိုးများကို ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • စပါးလင် တစ်ပင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးအရိုး ငါးခေါင်းနှင့်အမြှီး များကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ ထုံးထားသော စပါးလင်နှင့် အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပြီး ငါးများကျေသွားအောင် မွှေပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ငါးအသားများ ကျေသွားအောင် မွှေပေးပြီး ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ကပ်ကတစ်ငါး ငါးမွှေဟင်း ချဉ်ငံစပ်မွှေး ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment