Sunday, 29 September 2024

Mar Mar's Garden





 မာ အခုရက်ထဲ ရာသီဥတုက အနည်းငယ်လေး နွေးစပြုလာပြီဖြစ်လို့ အပင်လေးတွေ ပြန်စိုက်နေပါပြီ။

အခုလဲ မာမာ့အိမ်က ဥယျာဉ်လေးမှာ စိုက်ဖို့အတွက် အပင်လေးတွေ ပြန်စုနေပါပြီ။

ဆောင်းရာသီ တရာသီလုံး သိမ်းနိူင်သလောက် အပင်လေးတွေ သိမ်းထားပေမဲ့ အေးလွန်းတဲ့အတွက် သေကုန်တဲ့ အပင်တွေက များပါတယ်။

ဒါကြောင့်မို့လို့ အအေးပေါ့လာချိန်မှာ အပင်အသစ်လေးတွေ ပြန်စိုက်ဖို့ကိုလဲ ပြင်ဆင်နေပါပြီ။

အခု မာမာကိုင်ထားတဲ့ အပင်လေးကတော့ Sunday Market က ဝယ်လာတဲ့အတွက် အပင်နံမည်လေး မသိခဲ့ပါဘူးရှင်။

Saturday, 28 September 2024

ကပ်ကတစ်ငါးမွှေ

 



မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါးကို ခရမ်းချဉ်သီး အနှစ်များများနဲ့ ငါးမွှေဟင်းလေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါး အရိုး အသားတွဲရက် - 500 gm (အကောင်ကြီးကြီးကိုသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. စပါးလင် - အနေတော် တစ်ပင်
  7. ချင်း - လက်တစ်ဆစ်
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  9. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  13. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  14. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  15. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  16. နံနံပင် - မိမိနှစ်သက်သလောက်
  17. ငရုတ်သီးစိမ်း - စားနိူင်သလောက််

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • အခုက ငါးမွှေချက်မှာ ဖြစ်တဲ့အတွက် အရိုးနဲ့အသားတွဲရက် ငါးတုံးကို သုံးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအသားလွှာကာ ခေါင်း အမြှီးနဲ့ အလယ်ရိုးများကို ဖယ်ထားပါ
  • ငါးအရိုးများကို ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • စပါးလင် တစ်ပင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးအရိုး ငါးခေါင်းနှင့်အမြှီး များကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ ထုံးထားသော စပါးလင်နှင့် အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပြီး ငါးများကျေသွားအောင် မွှေပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ငါးအသားများ ကျေသွားအောင် မွှေပေးပြီး ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ကပ်ကတစ်ငါး ငါးမွှေဟင်း ချဉ်ငံစပ်မွှေး ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday, 27 September 2024

ဆိတ်အူကြမ်း မာလာသုပ်

 

မာမာဒီနေ့တော့ ဆိတ်အူကြမ်းလေးတွေ ဝယ်လာပြီး ချဥ်ငံစပ်လေး သုပ်ပါတယ် ဒီအသုပ်လေးကိုတော့ ပဲအကျက်မှုန့် မထည့်ဘဲ မာလာအနှစ်လေး နည်းနည်းထည့်ကာ သုပ်ထားတဲ့အတွက် ပူစပ်စပ် အရသာလေးနဲ့ စားလို့အရမ်း ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ပးစပ်စပ်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. မာလာအနှစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. ဂေါ်ဖီ ‌‌‌ -‌မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမနှစ်သက်သလောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဆိတ်အူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌ဂေါ်ဖီ ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆိတ်အူကြမ်း ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ မာလာအနှစ် နံနံပင်နှင့် ဂေါ်ဖီ တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ ပူစပ်စပ် အရသာလေးနဲ့ စားလို့ကောင်းလွန်းတဲ့ ဆိတ်အူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 26 September 2024

Mar Mar's Garden

 






မာမာဒီနေ့တော့ မာမာ့အိမ်မှာ စိုက်ဖို့အတွက် ပန်းပင်လေးတွေ ပြန်စုနေသလို အခုရက်ထဲ ရာသီဥတုက အနည်းငယ်လေး နွေးစပြုလာပြီ ဖြစ်တဲ့အတွက် အပင်လေးတွေ ပြန်စိုက်နေပါပြီ။

အခုလဲ မာမာ့အိမ်က ဥယျာဉ်လေးမှာ စိုက်ဖို့အတွက် အပင်လေးတွေ ပြန်စုနေပါပြီ။ အခု မာမာကိုင်ထားတဲ့ အပင်လေးကတော့ Sunday Market က ဝယ်လာတဲ့အတွက် အပင်နံမည်လေးတော့ မသိခဲ့ပါဘူးရှင်။

ဟင်းတွေကြီးဘဲ နေ့တိုင်းကြည့်နေရတာ ရိုးသလို ဖြစ်နေမှာဆိုးလို့ ပန်းပင်လေးတွေလဲ တလှည့်ကြည့် ကြည့်ပေးကြပါအုံးနော်။

Wednesday, 25 September 2024

ဘူးသီးကြော်ချက်


ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့နေ့လေး ရောက်ပြန်ပြီမို့လို့ ဘူးသီးကို သတ်သတ်လွတ် အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘူးသီး - တစ်စိတ်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဘူးသီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ ဘူးသီးများ ထည့်ကြော်ပေးပါ
  • ဘူးသီးများ နွမ်းလာတနဲ့ ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဘူးသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • ဘူးသီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။

Sunday, 22 September 2024

သပွတ်သီးကြော်ချက်

 


မာမာ ဒီနေ့တော့ သပွတ်သီးကို သတ်သတ်လွတ် အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သပွတ်သီး - တစ်တောင့်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • သပွတ်သီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။

Saturday, 21 September 2024

ဝက်အူပိတ်ပြုပ်

 




မာမာဒီနေ့တော့ ဝက်အူပိတ်လေးတွေ ဝယ်လာပြီး အနံ့အသက်ကင်းပြီး သန့်စင်အောင် ဆေးပေးကာ ပြုပ်‌ကြော်လေး လုပ်ဖြစ်ပါတယ်။

ဝက်အူပိတ်က ဆေးရတာကို အချိန်ပေးရပါတယ် မာမာကတော့ အရင်ထဲက အသန့်ကြိုက်တဲ့အတွက် ဝက်အူပိတ်ကို အချိန်ပေးပြီး သေသေချာချာ ဆေးပေးပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားတဲ့ ဝက်အူပိတ်‌ ဆေးနည်းနဲ့ ပြုပ်ကြော် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်

ပါဝင်

  1. ဝက်အူပိတ် - သုံးဆယ်သား
  2. ပဲအစိမ်းမှုန့် - လိုသလောက် သုံးပေးပါ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်အူပိတ်ဆေးရန်)
  5. သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
  6. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အရသာနယ်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  9. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  10. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
  12. သစ်ဂျပိုးခေါက် - အနေတော် တစ်ချောင်း
  13. နာနတ်ပွင့် - (အရသာနယ်ရန်)
  14. ချင်း - လက်တဆစ်ခန့်  
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ

ဝက်အူဆေးရန် ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်အူပိတ်များကို ဇလုံထဲမှာ ထည့်ပေးပြီး ပဲအစိမ်းမှုန့်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပြီး နယ်ပေးပါ
  • ဝက်အူပိတ်မှ အရိအရွဲများ ထွက်လာတာနဲ့ ရေနှင့်ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ နောက်တစ်ခါ ပဲအစိမ်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းထပ်ထည့်ပြီး ဝက်အူပိတ်များကို နယ်ပေးပါ
  • အထက်ပါနည်းအတိုင်း ရေဆေးလိုက် ပဲစိမ်းမှုန့်ထပ်ထည့်လိုက် နယ်ပြီးရေဆေးလိုက် လေးခါလောက် ဆေးပေးပါ
  • ဝက်အူပိတ် အပြင်ပိုင်းကို ပဲစိမ်းမှုန့်နဲ့ လေးထပ်လောက် ဆေးပြီးတာနဲ့ ဝက်အူကို ပြောင်းပြန်လှန်ပြီး ပဲစိမ်းမှုန့်ထည့်ကာ အထက်ပါနည်းအတိုင်း ငါးထပ်လောက် ‌နယ်လိုက်ဆေးလိုက် လုပ်ပေးပါ
  • ပဲစိမ်းမှုန့်နဲ့ ဆေးပြီးတာနဲ့ ဝက်အူများကို နနွင်းမှုန့် သံပုရာရည်နှင့် ဆားထည့်ကာ နယ်ပေးပါ
  • ဝက်အူကို ရေနှင့် လေးငါးထပ်လောက် ဆေးပေးပြီးပါက အနံ့အသက်များ ကင်းသွားသလို မလိုအပ်တဲ့ အညစ်အကျေးများလဲ ကုန်သလောက် ဖြစ်သွားပါပြီ။

ဝက်အူပြုပ်ပုံ

  • ဝက်အူပိတ်များကို ဆား  ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နာနတ်ပွင့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဒါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးပြီး ဒါးပြားရိုက်ထားပါ
  • ရေယ်အိုးထဲမှာ သကြားကိုထည့်ပြီး လှော်ပေးပါ
  • သကြားများ ပျော်လာပြီး ညိုရောင်သန်းလာတာနဲ့ သစ်ဂျပိုခေါက် ချင်းနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ကြော်ပေးပါ
  • အနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ဝက်အူများကို ထည့်ကြော်ပေးပါ
  • ဝက်အူများ မာတင်းလာတော့မှ ရေမြုပ်အောင် ထည့်ပြီးတည်ထားပါ
  • ပထမ တရည်မခမ်းခင် နောက်ထပ်ရေထပ်ထည့်ပြီး တည်ပေးပါ
  • ရေနှစ်ရည် ခမ်းပြီးချိန်မှာ ဝက်အူထဲမှ ဆီပြန်ပြီး ထွက်လာချိန်မှာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်အူပိတ်များကို ထွက်လာတဲ့ ဆီထဲမှာ လှိမ့်ပေးပါ
  • ဆီရောင် ဝင်းလာပါက အရသာ အလွန်ရှိသော ဝက်အူပိတ်ကို မထူမပါး လှီးပေးကာ မိမိနှစ်သက်ရာ အချဥ် ကြက်သွန်ဖြူ ငရုတါသီးစိမ်းတို့နှင့် တွဲဖက်ကာ အရသာရှိစွာ စားသုံးနိူင်ပါပြီ။

Friday, 20 September 2024

Glass Noodles

 


ဒီတစ်ခါတော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ကန်စွန်းဥ ခေါက်ဆွဲကို ကြက်ဥနဲ့ ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေးရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Glass Noodles - 350 g
  2. ဂေါ်ဖီ ‌‌‌ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်မိတ် - အနည်းငယ်
  5. ကြက်ဥ - တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • tအိုးထဲမှာ ရေခပ်များများနှင့် ခေါက်ဆွဲကိုထည့်ကာ ခေါက်ဆွဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ခေါက်ဆွဲနူးတာနဲ့ ဇကာထဲ သွန်ချကာ ရေအေးနှင့် ဆေးကာ ရေစစ်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဂေါ်ဖီ ‌‌ကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ဂေါ်ဖီ  နှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့  အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ကြက်သွန်မိတ်နှင့် ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ သတ်သတ်လွတ် Glass Noodles ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Thursday, 19 September 2024

ကြက်သား ဇူကီးနီးအချိုချက်

 


မာမာ ဒီနေ့တော့ ကြက်သားထဲကို ဇူကီးနီး ထည့်ပြီး ကြော်ပါတယ်။ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို
 စားလို့လဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - အနေတော် တစ်ခု
  2. ဇူကီးနီး - သုံး‌တောင့်
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းတက် - လက်တစ်ဆစ်ခန့်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်းခန့်
  12. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးကာ အနေတော် ခပ်ရှည်ရှည် အတုံးလေးတွေ တုံးပေးထားပါ
  • ပြီးတာနဲ့ ခရုဆီ နှမ်းဆီ ပဲငံပြာရည်အကြည် ဆားနှင့် အရသာမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြာက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဒါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • ဇူကီးနီးကို အလုံးလိုက် ရေဆေးပြီး အရှည်လိုက်လေးတွေ လှီးပေးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ရေမခမ်းတခမ်း အနေအထာ ရလာအောင် ချက်ပေးပါ 
  • ကြက်သားအိုး ရေမခမ်းခင် အထက်အောက် သမအောင် မွှေပေးပြီး ဇူကီးနီးနှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါ ကြက်သား ဇူကီးနီးကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Monday, 16 September 2024

ကြက်သားအာလူး အချိုချက်

 



မာမာ ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို အနှစ်များများနဲ့ အချိုချက်လေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  11. အာလူး - အနေတော် ဆယ်လုံးခန့်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ကြက်သွန်များကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပဲငံပြာရည်အပျစ်နှင့် အာလူးကိုပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မီးပိတ် ပေးပါ
  • ပြီးတာနဲ့  ကြက်သား အာလူး ဆီလည်ရေလည် ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Saturday, 14 September 2024

အမဲ အကြောဟင်း

 



မာမာ ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ခရမ်းချဉ်သီး ခပ်များများထည့်ကာ ငရုတ်သီး အကြမ်းဖတ်နဲ့ ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။

အမဲအကြော တို့ရဲ့ သဘာဝက မာတတ်တဲ့အတွက် ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲအကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - 500 g
  2. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အကြမ်းဖတ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  12. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  • ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခးမ်းချဉ်သီးများ ကျေလာတာနဲ့  အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲ အကြောများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Tuesday, 10 September 2024

ဝက်သားလုံးကြော်


ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ဝက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ် ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဝက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ဝက်သား - 300 g
  2. ကြက်သွန်ဖြူ   - အမွှာကြီးကြီး သုံးမွှာ
  3. င​ရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ချင်း - လက်တစ်ဆစ်ခန့် (ချင်းအရသာ ကြိုက်ပါက ပိုထည့်ပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခရုဆီ - လက်ဖက်ရည်ဇွန်း တစဇွန်း  
  9. နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
  11. တန်ပူရာမှုန့် - ထမင်းစားဇွန်းလေးဇွန်း
  12. ကြက်ဥ - တစ်လုံး
  13. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • တန်ပူရာမှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
  • ဝက်သားကို ရေဆေးပြီး အတုံးလေးတွေတုံးပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့် ပြောင်းကော်မှုန့် ခရုဆီ နှမ်းဆီမွှေး ချင်း နှင့်ကြက်သွန်ဖြူတို့နဲ့အတူ ကြိတ်စက်ထဲ ထည့်ပေးပါ
  • အသားများ ညက်သွားတဲ့အထိ ကြိတ်ပေးပါ
  • ဝက်သားများ ညက်သွားတာနဲ့ အလုံးလေးတွေ လုံးပေးပါ
  • ဝက်သား လုံးလေးတွေကို ကြက်ဥထဲမှာထည့်ပြီး နှစ်ပေးကာ  တန်ပါပူရာမှုန့်ထဲမှာ လူးပေးပါ
  • အထက်ပါ ပုံစံအတိုင်း နှစ်ကြိမ်လုပ်ပေးပြီးတာနဲ့ ဝက်သားလုံး ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ဝက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဝက်သား လုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ဝက်သားလုံး  တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  ဝက်သား လုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 9 September 2024

ကြက်သား အာလူးဆီပြန်

 


ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို ပလာတာနဲ့ စားရလေအောင် အနှစ်များများနဲ့ ချက်ပြီး မဆလာလေးပါ အုပ်ကာ ချက်ထားပါတယ်။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည်ဟင်းလေးကို ပလာတာနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Sunday, 8 September 2024

ငုံးဥ ကြက်သားဟင်း

 



မာမာဒီနေ့တော့  ကြက်သားနဲ့ ငုံးဥကို ဆီပြန်လေး ချက်ပါတယ် မာမာ့လိုဘဲ ချက်စားချင်တဲ့  သူတွေအတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငုံးဥ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  2. ငုံးဥ - အလုံးနှစ်ဆယ်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  7. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
  • ငုံးဥကို ကျက်အောင်ပြုပ်ပြီး အခွံခွါထားပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်
  • ကြက်သွန်နီ အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ

ဟင်းချက်ရန်
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သား နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • ကြက်သား နူးလာပါက ငုံးဥထည့်ပေးပါ
  • ဟင်းအိုး ဆီလည်ရေလည် အနေအထား ရလာပါက ငုံးဥ ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိိိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ငုံးဥ ကြက်သားဟင်းဆီပြန် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။

Saturday, 7 September 2024

ပဲပြုပ် ပြုပ်နည်း

 

















မာမာ ဒီနေ့တော့ စားတော်ပဲကို နောက်ထပ်တစ်မျိုး စမ်းသပ်ပြီး ပြုပ်ပါတယ် ပဲပြုပ်ပြုပ်တဲ့ ပြုပ်နည်းလေးတွေ တစ်နည်းမဟုတ်ရင် တစ်နည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသပ်ပြီး ပြုပ်ဖြစ်နေတာက မာမာ့ရဲ့ ဝါသနာလို့တောင် ပြောလို့ရနေပါပြီ။

 မာမာကတော့ ဘယ်လိုနည်းလေးနဲ့ဘဲ ပြုပ်ပြုပ် ပဲပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့လာလာ မေးကြတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တစ်ချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့ ပဲထည့်ပြုပ်မဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး ခနခန မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ပမာဏကို  အိုးထဲမှာ ထည့်ပြီးတာနဲ့ ပဲအပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တစ်ချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိူင်သလို ပဲ ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိူင်ပါတယ်။

တစ်ခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိူင်သလို အသုံးပြုသော မီးဖိုတွေရဲ့အပူရှိန် ပမာဏ မတူတာတွေလဲ ဖြစ်နိူင်ပါတယ် ဒါကြေင့်မို့လို့ မိမိအသုံးပြုသောပဲ မိမိအသုံးပြုသော မီးအပူချိန်တွေကို ချင့်ချိန်ပြီး အသုံးပြုကြ စေချင်ပါတယ်။

အရင့် အရင် ပဲပြုပ်တဲ့ နည်းတွေမှာ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးသလို ပဲပြုပ်မှာ ဆိုဒါနံ့တွေ ကျန်နေတတ်လို့ပါဘဲ။

ဒါပေမဲ့ အခုတစ်ခါမှာတော့ ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပေမဲ့ ပဲပြုပ်ချိန် အချိန်ကုန် သက်သာအောင် ရေအနည်းငယ် လျှော့ထည့်ပြီး ဆိုဒါအနည်းငယ် ထည့်ပြုပ်ပါတယ်။

ဆိုဒါ ထည့်ပြီးပြုပ်တဲ့အတွက် ပဲပြုပ်ချိန်မှာ သတိတော့ထားရပါတယ် ပဲပြုပ်ရည်များ ဝေကျတတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး ဖုန်းထားရပါတယ်။

ရေလျှော့ထည့်ထားတဲ့အတွက် ပဲအိုးမကပ်အောင်တော့ သတိထားပြီး ကြည့်ကြည့်ပေးရပါတယ် ပဲအိုးရေခမ်းတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်လေးနဲ့ ပဲအိုးကို နှပ်ပေးလိုက်ရင် အိအိထွေးထွေးလေးနဲ့ ပဲပြုပ်ကို ရလာပါလိမ့်မယ်။

ပဲကိုအပင်ဖောက်ပြီး ပြုပ်တဲ့အခါ ပဲပြုပ်ကပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စားတော်ပဲ စစ်စစ်လေး ရလာတာနဲ့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ်။

အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး အပင်မဖောက်ဘဲ တစ်ခါထဲ ပြုပ်ပေးနိူင်ပါတယ် မာမာကတော့ ပဲပြုပ်ကို ပြုပ်ပြီးတာနဲ့ အအေးခံပြီး ခဲထားချင်တာနဲ့ ပဲကို အညှောင့်လေးတွေ ဖောက်လိုက်ပါသေးတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. စားတော်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ထန်းလျှက်ခဲ ကွမ်းသီးလုံးလောက် - နှစ်ခဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ငါးဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆိုဒါ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ပဲပြုပ်ရန်အိုး - အိုး (အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော် တစ်လုံး)
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ပဲများရေမြုပ်အောင် ခပ်များများလေး ထည့်ပေးကာ ၁၀နာရီလောက် ရေဝအောင် စိမ်ထားပေးပါ 
  • ပဲများရေဝလာကာ ပဲများပွလာပြီ ဆိုတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာတစ်ခုထဲကို သွန်ချပေးပြီး အစို့ဖောက်ဖို့ ပြင်ပါမယ်
  • အစို့ဖောက်ရာမှာ ပဲတွေကို အဝတ်စနဲ့ ထုတ်ပြီး အစို့မဖောက်မိစေဖို့ သတိထားပေးပါ
  • အဝတ်စနဲ့ထုတ်ပြီး အစို့ဖောက်တဲ့ ပဲကိုပြုပ်တဲ့အခါ ရေစော်နံတတ်သလို ရာသီဥတု ပူလွန်းရင်လဲ ပဲများအချဉ်ဖောက်ကုန်တတ်ပါတယ်ပဲ
  • ဇကာထဲမှာထည့်ပြီး ပဲများ အစို့ဖောက်ထားစဉ် အ၀က်စ သန့်သန့်တစ်ခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အစို့လေးတွေ မြန်မြန်ထွက်လာအောင် အ၀တ်စကို တစ်နေ့ရေ၃ခါလောက် စွတ်ပြီးမှ ပြန်ပြန်အုပ်ပေးပါ
  • ဒုတိယရက်မှာဘဲ ပဲအစို့လေးများ စပြီးထွက်လာပါလိမ့်မယ်အ
  • တတိယရက်မှာလဲ အ၀တ်စကို ရေစွတ်ပြီး တစ်နေ့၃ခါ အရင် ရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ ပဲအစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအစို့ ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပေးရသလို ပဲထည့်ထားသော ဇကာရဲ့ အောက်ချေမှာလဲ ရေများအိုင်မနေအောင် သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိူင်ပါပြီ​
  • အစို့ဖောက်ထားသော ပဲများကို ရေတစ်ထပ် ဆေးပေးပါ
  •  ပြီးတာနဲ့ အိုးအသား ထူသော အိုးထဲသို့ ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ပဲအိုးထဲကို ထန်းလျက်ခဲ ရေ ဆားနှင့် ဆိုဒါတို့ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ဆိုဒါပါတဲ့အတွက် ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ အိုးအဖုံးကို ဟပေးပါ
  • ထိုပုံစံ အတိုင်းလေးဘဲ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ရေခမ်းကာနီးပါက မီးကိုပိတ်လိုက်ပြီး ပဲအိုးကို လက်ကျန်မီးအပူရှိန်နှင့်နှပ်ပေးပါ
  • နှပ်ထားသော ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့ ဆက်နှပ်ထားပေးပါ
  • ပဲနပ်သွားပြီ ဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိူင်ပါပြီ။