Sunday 17 March 2024

သစ်တိုသီး ငပိချက်

 








မာမာ ဒီနေ့တော့ သစ်တိုသီးလေးတွေ ဝယ်လာပြီး ငပိချက်လေး ချက်ပါတယ် အချဥ် အရသာလေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 
ပါ၀င်ပစ္စည်းများ
  1. သစ်တိုသီး - လေးလုံး
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး နှစ်ဆယ်သား
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်ဖြူ - အနေတော်အမွှာ နှစ်ဆယ်ခန့်
  5. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း
  6. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  9. ဆား - ထမင်းစားဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • သစ်တိုသီးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ ပေါက်ပြီး လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • မကြာမကြာ မွှေပေးပြီး သစ်တိုသီးကို ထည့်မွှေပေးပါ
  • သစ်တိုသီးများ နူးအိလာစေရန် ရေမြုပ်အောင်ထည့်ပြီး တည်ပေးကာ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ထည့်ထားသော ရေများခမ်းလာကာ သစ်တိုသီးများ နူးအိလာပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  တည်ပေးပါ 
  • အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်ဖြူများကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • သစ်တိုသီး ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ဆားနှင့်ငါးငံပြာရည်တို့ကို ပိုပြီး ထည့်ပေးပါ။
  • သစ်တိုသီး ပုဇွန်ခြောက် ငါးပိချက် ချဥ်ငံစပ် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment