Thursday 4 August 2022

ဝက်သား ပုန်းရည်ကြီးဟင်း

 


မာမာ ဒီနေ့တော့ ဝက်သားနဲ့ ပုန်းရည်ကြီးကို ချက်ဖြစ်ပါတယ် ပုန်းရည်ကြီး အရသာ ချဉ်ဖြုံ့ဖြုံ့လေးရယ် အနံ့မွှေးမွှေးလေးရယ်ကြောင့် အင်မတန်မှ စားလို့ကောင်းတဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - 500 g
  2. ပုန်းရည်ကြီး - ထမင်းစားဇွန်း ငါးဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန် နှစ်လုံးစာ (ပုန်းရည်ကြီးဖျော်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ -  အနေတော် သုံးလုံး
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ဝက်သားကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ပြီးတာနဲ့ ဆား သကြားနှင့် အရသာမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ပုန်းရည်ကြီးကို ရေနှင့်ဖျော်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးကာ ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားထည့်ပြီးတာနဲ့ ဟိုဘက်ဒီဘက် လှန်ပေးကာ အသားများ မာတင်းလာတဲ့အထိ လှန်ပေးပါ
  • အသားများ တင်းလာပါက ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ဟင်းအိုးထဲမှ ရေမခမ်းခင် အသား နူး မနူး စမ်းကြည့်ပါ 
  • အသား မနူးသေးပါက ရေထပ်ထည့်ပြီး ဆက်တည်ပေးပါ
  • အသား နူးလာပါက အရည်ဖျော်ထားသော ပုန်းရည်ကြီးနှင့် ကြက်သွန်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဟင်းအနှစ်လဲ တော်တော်လေး ပြစ်လာပြီး ဝက်သားများလဲ နူးအိလာပြီ ဆိုရင်တော့ ဝက်သားပုန်းရည်ကြီးဟင်းကို စားသုံးလို့ ရပါပြီ။

No comments:

Post a Comment