Wednesday 10 August 2022

ဂဏန်း အစပ်ကြော်

 










ဒီနေ့တော့ blue crabs လေးတွေ ဝယ်ထားတာ အဆင်သင့် ရှိနေတာနဲ့ တန်ပူရာမှုန့်ကို အရသာစပ်ကာ ဂဏန်းနဲ့လူးကာ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Blue Crabs - အကောင်ကြီးကြီး နှစ်ကောင်
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း ခြောက်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လိုသလောက် သုံးပေးပါ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာနယ်ရန်
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း အရသာမှုန့်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ အရသာနယ်ရန်
  11. ဆီ - လိုသလောက် သုံးပေးပါ
  12. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  14. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  15. ဆား - အနည်းငယ်
  16. အရသာမှုန့် - အနည်းငယ်
ဂဏန်းသန့်စင်ပုံ
  • ဂဏန်းများကို ရေစင်အောင်ဆေးပြီး ဂဏန်းအပေါ်ခွံကို ခွာပေးပါ
  • ဂဏန်းမှ ပါးဟက်များနှင့် အစာအိတ်များကို ဖယ်ပေးပါ
  • ​ပြီးတာနဲ့ ဂဏန်းတစ်ကောင်ကို လေးပိုင်းပိုင်းပေးပြီး ဂဏန်းလက်များကို ဖဲ့ထားပေးပါ 
ဂဏန်းကြော်ရန်ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဂဏန်းကြော်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် တန်ပူရာမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ထိုအမှုန့်များထဲကို ရေနည်းနည်းချင်း ထည့်ပေးကာ မုန့်နှစ်ခပ်ပျစ်ပျစ် အနေအထား ရလာအောင် မွှေပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာတာနဲ့ သန့်စင်ထားသော ဂဏန်းများကို မုန့်နှစ်နှင့် လူးပေးပါ
  • ဇောက်အနည်းငယ် နက်သော ဒယ်အိုးထဲမှာ ဆီကိုခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ဂဏန်းများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဂဏန်းကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားအောင် ကြော်ပေးပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • နောက်ထပ် အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထိုဆီထဲမှာဘဲ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကို ကြွတ်ရွလာအောင် ကြော်ပေးပါ
  • ကြော်ပြီးတာနဲ့ ဆီစစ်ထားသော ဂဏန်းကြော် ငရုတ်ကောင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ ပေါ်မှာ ဖြူးပေးပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment