Saturday 13 August 2022

သခွားသီးသုပ်


 


နေ့တော့ သခွားသီး တောသုပ်လေး သုပ်ဖြစ်ပါတယ် သခွားသီးသုပ် သုပ်တဲ့အခါ မာမာကတော့ မာမာ့တို့အမေ သုပ်တဲ့နည်းအတိုင်း ငါးပိရည်ဖျော် ကောင်းကောင်းလေးနဲ့ သုပ်ရတာကို ပိုပြီးတော့ ကြိုက်ပါတယ်။

ဒါကြောင့်မို့လို့ မာမာက ငါးပိရည်ကျိုကို ပုဇွန်ထုတ်မီးကင် ကြက်သွန်ဖြူမီးကင် ငရုတ်သီးစိမ်းမီးကင်လေးတွေနဲ့ ထောင်းပြီး အဖျော်လုပ်ထားပြီး သခွားသီးသုပ်ဖို့ ပြင်ထားပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပင်စိမ်းရွက် - နှစ်သက်သလောက်
  4. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  5. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ထုတ်ကို မီးကင်ပြီး အခွံခွာထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ငါးငပိရည်ကို ကျိုပေးပြီး အရိုးစစ်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ပုဇွန်ထုတ် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ငါးပိရည်ပန်းကန်ထဲကို ငရုတ်သီး အလှော်မှုန့်  ပုဇွန်ထောင်းနှင့် အရသာမှုန့်တို့ထည့်ပြီး ဖျော်ပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ ပင်စိမ်းရွက်နှင့် ငါးပိရည်ဖျော် တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ပိုနေသော ငါးပိရည်ဖျော်ပြီးသားကို ထမင်းပွဲမှာ တို့စရာနှင့် တွဲဖက်စားသုံးရန် သိမ်းထားပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်းစားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment