Wednesday 22 September 2021

ပဲကြော် ကြွတ်ကြွတ်လေး

 











မနေ့က မုန့်တီချက်နည်းလေး တင်ပြီးသွားတော့ ဒီနေ့တော့ ပဲကြော်ကြော်နည်းလေး တင်ပေးလိုက်ပါတယ် ဒီအကြော် ကြော်နည်းလေးက မကြာမကြာလဲ တင်ပေးဖြစ်ပါတယ်။

နောက်တစ်ခုက ကြော်တဲ့အခါမှာ မာမာပြောတဲ့ အိုးအနေအထားကိုတော့ သုံးစေချင်ပါတယ် အိုးအနေအထား မတူတဲ့အခါမှာ မာမာကြော်သလို မရနိူင်သလို ဆီကိုလဲ ခပ်များများ သုံးစေချင်ပါတယ်။

ဆီသုံးတာ နည်းနေရင်လဲ ပဲကြော်ကောင်းကောင်း မရပါဘူး နောက်ပြီးတော့ ဘာဘဲလုပ်လုပ် စိတ်ရှည်ရှည်ထားပြီး လုပ်ရပါတယ် စိတ်မရှည်ရင်တော့ ဘာဘဲလုပ်လုပ် မအောင်မြင်တတ်ပါဘူး။

ဒီတစ်ခါတော့ ပဲအချိုးအစားနဲ့ အကြော်မှုန့် ထည့်တာချင်း တူပေမဲ့ ရေအချိုးအစားကို အနည်းငယ်လေး ပိုထည့်ပြီး ကြော်တဲ့အခါမှာ အကြော်အချပ်ရည် တစ်ချပ်တိုးလာတဲ့အတွက် မာမာကြော်တဲ့ နည်းတွေထဲက အခုနည်းအတိုင်းလေးလဲ ကြော်လို့ရကြောင်းကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ (အချပ်ကြီး ၁၁ချပ်)

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. တန်ပူရာမှုန့် - 150 g (မည်သည့်အကြော်မှုန့်မဆို သုံးနိူင်ပါတယ်)
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  4. ဆီ - နှစ်လီတာ
  5. ဒယ်အိုး အကြီး - တစ်လုံး 28cmခန့် (မကပ်သော ဒယ်အိုးကို သုံးပေးပါ)
  6. ဒယ်အိုးအသေး - တစ်လုံး 17 cmခန့် (မကပ်သောဒယ်အိုးကို သုံးပေးပါ)
  7. ယောက်ချိုဇွန်းမှုတ် - တစ်ချောင်း

ပြင်ဆင်ပုံ

  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေဝပြီး ပွနေသော ပဲများကို ရေလေးထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို (အကြော်မှုန့်) ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသော ပဲခြမ်များနှင့်ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုးနှစ်အိုးကို အကြော်ကြော်ဖို့ ပြင်ဆင်ပေးပါ
  • ဒယ်အိုးအသေးနှင့် ဒယ်အိုးအကြီးကို မီးဖိုနှစ်လုံး ပြိုင်တူမီးဖွင့်ကာ မီးလယ်အလတ်လောက်နှင့် အပူပေးထားပါ
  • အိုးများပူလာတာနဲ့ ဒယ်အိုးအသေးထဲကို အိုးတဝက်လောက် ဆီထည့်ပေးပါ
  • ဒယ်အိုးအကြီးထဲကိုတော့ ကျန်နေတဲ့ ဆီအကုန်လုံး ထည့်ပေးပါ
  • အိုးထဲမှ ဆီအငွ့ တက်လာတာနဲ့ ဒယ်အိုးအကြီး တင်ထားသော မီးဖိုမှမီးကို အနည်းငယ် ထပ်လျှော့ပေးထားပါ
  • ဒယ်အိုးအသေးထဲမှ ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် အရင်ဆုံး အထက်အောက် သမအောင်မွှေပေးပါ
  • အထက်အောက် သမသွားတာနဲ့ ယောက်ချိုဇွန်း ဇွန်းတစ်ဇွန်းစာကို ပဲနှင့်အရည် မျှအောင်ခပ်ယူပြီး ဆီအိုး အ​ေသးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှစ​ပြီး အဝိုင်းပုံ သဏ္ဌန် လှည့်ပြီး အလယ်ကို ရောက်တဲ့အထိဖြန့်ပြီး ခပ်ဖြေးဖြေး ထည့်ပေးပါ
  • ပဲစေ့များ ပြန့်နေမှ အကျက်ညီစေမှာ ဖြစ်ပါတယ်
  • ပဲစေ့များ တစ်နေရာထဲ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲစေ့နှင့် မုန့်နှစ်ရည်များ ထည့်ပြီးပါက အထက်အောက် လှန်ပေးစရာ မလိုဘဲ ဒီအတိုင်သူ့းလေး ထားပေးပါ
  • အောက်ချေဘက် သူ့ဘာသာသူ ကြွတ်ပြီး မွတက်လာမှ အသာလေး ဆယ်ပြီး ဆီအိုးအကြီးထဲသို့ ပြောင်းထည့်ပေးပါ
  • ပဲကြော်ရဲ့ အောက်ချေလေးဘဲ ကြွတ်လာပြီး အပေါ်ယံဘက်မှ ပဲစေ့များ မကျက်ပေမဲ့ စိတ်မပူပါနှင့်
  • နောက်ထပ်ဆီအိုး အကြီးထဲကို ပြောင်းထည့်တဲ့အခါ အပေါ်ယံမှ ပဲစေ့များ တဖြည်းဖြည်း ကျက်လာပါလိမ့်မယ်
  • ဆီအိုးအကြီးထဲမှာ ကြော်ထားစဉ် ပဲကြော်တစ်ချပ်လုံး ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးပါ
  • ရွှေဝါရောင် သန်းလာပါက ဆယ်ပေးပြီး ဆီစစ်ဇကာထဲထည့်ကာ  ဆီစစ်ပေးပါ
  • နောက်တစ်ချပ် ထပ်မကြော်ခင် အကြော်အိုး အ​ေသးထဲမှာ ဆီနည်းသွားပါက အိုးအ​ကြီးထဲမှဆီကို အပူခံဇွန်း ခပ်ကြီးကြီးနှင့် ခပ်ယူကာ အိုးအေသးထဲကို ခပ်ထည့်ပေးပါ
  • နောက်ထပ် ကျန်သောပဲနှင့် မုန့်နှစ်ရည်များကိုလဲ  အိုးအသေးထဲမှ အကြော်ကို အိုးအကြီးထဲ ပြောင်းပြီးတာနဲ့ ပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ
  • ဆီအိုးထဲကို ပဲရည်ခပ်ထည့်စဉ် ဆီအပူရှိန်က အရင်ကထက် ပိုပြီးပူနေတဲ့အတွက် အိုးအပြင်ကို ​​ဝေကျ တတ်တဲ့အတွက် ဖြေးဖြေးချင်း ထည့်ပေးပါ
  • အထက်ဖော်ပြပါ နည်းအတိုင်း ပထမ အချပ်အတိုင်း ပဲရည်ကုန်တဲ့အထိ ဆက်ကြော်ပေးပါက အကြော်၁၀ချပ်ရပါမယ် 
  • အားလုံးကြော်လို့ ပြီးသွားကာ  အကြော်များ ဆီစစ်သွားပါက မိမိနှစ်သက်သလို သုံးဆောင်နိုင်မည့် ပဲကြော်ကြွတ်ကြွတ်လေးများ ရပါပြီ။

No comments:

Post a Comment