Sunday 5 September 2021

ဆန်ပြားခေါက်ဆွဲကြော်



ဒီနေ့တော့ ဘာစားရရင် ကောင်းမလဲ စဉ်းစားနေရင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဆန်ပြားကြော်လေးဘဲ ကြော်စားဖြစ်ပါတယ် ထည့်ရတဲ့ အမယ်လေးလေးတွေက များသလို စိတ်ရှည်လက်ရှည် ကြော်လိုက်တော့လဲ အရမ်းကို စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - တစ်ရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ကြက်ရင်ပုံသား - 150 g
  3. ဘဲဥ - နှစ်လုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ဘေဘီမုန့်ညှင်း - အနေတော် တစ်ပင်
  7. ပဲပင်ပေါက် - နှစ်သက်သလောက်
  8. ပဲတောင့်ရှည် - ငါးတောင့်
  9. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  10. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဘဲဥကို ဇလုံထဲမှာ ဖောက်ထဲ့ပေးပြီး ခလောက်ထားပါ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး ခပ်စောင်းစောင်း လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အဂရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော််လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သားကို ထည့်ပေးပြီး မွှေပေးပါ
  • ကြက်သားထဲကနေ ထွက်လာသော အရည်များ ခမ်းလာအောင် တည်ပေးပါ
  • ကြက်သားရေခမ်းတာနဲ့ ရေစစ်ထားတဲ့ ဘေဘီမုန့်ညှင်း ပဲသီးနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ကြက်သားဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment