Thursday 30 September 2021

မုန့်ဦးနှောက်

 






ဒီနေ့တော့ မုန့်ဦးနှောက်လေး စားချင်တာနဲ့ အရင်ဆန်မှုန့်နဲ့ လုပ်တဲ့နည်းကို ပြောင်းကော်မှုန့် အစားထိုးပြီး လုပ်ကြည့်ပါတယ်။

လုပါရတာလဲ လွယ်လဲလွယ် မြန်လဲမြန်ပြီး ဒီမုန့်လေးက မုန့်သားကြည်လာတဲ့အထိ အဆက်မပြတ် မွှေရတာမို့လို့ လက်မောင်းလေ့ကျင့်ခန်းလဲ ရသလို မုန့်ကောင်းကောင်းလေးလဲ စားရမှာ ဖြစ်တဲ့အတွက် အားတဲ့ရက်ကလေးမှာ လုပ်စားကြည့်စေချင်ပါတယ်။

နောက်တစ်ခုက မုန့်လုပ်တဲ့အခါမှာ အောက်ခြေမကပ်ဘဲ အိုးအသားထူတဲ့ အိုးကိုသုံးပါ လက်အပူ မဟပ်အောင် မွှေလို့ကောင်းတဲ့ သစ်သားယောင်းမ အရှည်ကို သုံးပေးရင် မုန့်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်ရှင်။

အခုမာမာ လုပ်ပြတဲ့ နည်းအတိုင်းလုပ်ပြီး အအေးခံကာ  ရေခဲသေတ္တာထဲမှာ ထားပြီးစားပါက တပါတ်မက အထားခံပါတယ်။

ပါ၀င်ပစ္စည်းများ (မုန့်သားကျိုရန်)
  1. ပြောင်းကော်မှုန့် - 50 g (cornflour )
  2. အုန်းနို့ - 300ml (milk)
  3. သကြားဖြူ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ (အချိုကြိုက်ပါက ပိုထည့်ပါ) (sugar )
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
သာကူကျိုရန်
  1. သာကူ - 50 g
  2. ရေ - 400 ml
အုန့်နို့ကျိုရန်
  1. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး ( အုန်းဆီချက်ရန် )
  2. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( အုန်းဆီချက်ရန် )
  3. ဆား - လက်ဖက်ရည်ဇွန်း တဝက် ( အုန်းဆီချက်ရန် )
မုန့်ကျိုပြီးထည့်ရန်
  1. အလျှား 195 cm အမြင့် 3 5cm  အကျယ် 110cm  ရှိသော အပူခံနိူင်မည့် ပလပ်စတစ်ဗူး - တစ်ဗူး (သို့)
  2. မိမိဆီမှာ အဆင်ပြေမည့် ဗန်း သို့ ခွက် တို့ကို သုံးပေးပါ
  3. ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တစ်လုံး
  4. မွှေလို့ကောင်းသော ယောင်းမ - တစ်ချောင်း
  5. ဆီ - အနည်းငယ် (မုန့်ထည့်မည့်ဗူးကို သုပ်ရန်)

အုန်းနို့ကျိုပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးထဲကို အုန်းနို့ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  • အုန်းနို့အိုးက တည်ထားစဉ် ပွက်ပွက်ဆူလာပြီး ဝေကျတတ်တဲ့အတွက် ဇောက်နက်ပြီး မကပ်သောအိုးကို သုံးပေးပါ
  • အုန်းနို့အိုး ပွက်ပွက်ဆူလာပြီး ရေအနည်းငယ် ခမ်းလာပါ ဆီနှင့်ဆားကိုထည့်ပြီး မွှေပေးပါ
  • အိုးနို့များ ဥလာပါက မီးပိတ်ပြီး လက်ကျန်အပူရှိန်နဲ့ ဆက်တည်ထားပေးပါ
  • ဆီသံကြားလာပြီး အုန်းနို့နံ့လေး သင်းလာတာနဲ့ အုန်းဆီချက် မွှေးမွှေးလေး ရပါပြီ
  • အုန်းဆီချက်ကို မိမိ လိုသလောက်သုံးပြီး ပိုနေပါက ထမင်းပူပူနှင့် နယ်စားနိုင်သလို အုန်းထမင်းချက်ရာမှာလဲ ပြန်ပြီးသုံးလို့ရတဲ့အတွက် လိုတဲ့အခါ ပြန်သုံးနိူင်အောင် ရေခဲသေတ္တာထဲမှာ ထည့်ခဲထားနိူင်ပါတယ်။
ပြင်ဆင်ပုံ
  • မုန့်ရည်ကျိုပြီး ထည့်မည့် ခွက်ကို ဆီအနည်းငယ် သုတ်ပေးထားပါ
  • ဇလုံအနေတော် တစ်လုံးကို ပြင်ထားပါ
  • ထိုဇလုံထဲမှာ ဆား သကြား ပြောင်းကော်မှုန့် နှင့် အုန်းနို့တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးထားပါ
မုန့်ကျိုရန်
  • ဇောက်နက်ပြီး အိုးအသားထူကာ မကပ်သောအိုးထဲမှာ ရေနှင့်သာကူတို့ကိုထည့်ပြီး မီးနွေးနွေးလေးနဲ့ ကျိုပေးပါ
  • ​သာကူကျိုနေစဉ် အဆက်မပြတ် မွှေမွှေပေးပါ
  • ရေခမ်းလာပြီး သာကူစေ့များ မျက်စေ့ပျောက်စ ပြုလာတာနဲ့ အရသာစပ်ပြီး ဖျော်ထားသော ပြောင်းကော်မှုန့် မုန့်နှစ်များကို ထည့်ပေးပါ
  • မုန့်နှစ်ရည် ထည့်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးဘဲ စိတ်ရှည်လက်ရှည် ထိုအိုးကို အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက မုန့်နှစ်ရည် စပြီးပျစ်လာပြီ ဆိုတာနဲ့ လက်အားသန်သန်နဲ့ အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်း ရေပျစ်ချိန်မှစပြီး မုန့်သားကြည်ကာ ရေကုန်လာတဲ့အထိ ငါးမိနစ်နစ်ခန့် မွှေပေးပါ
  • မွှေနေတာကို မရပ်ပါနဲ့ ဆက်တိုက် မွှေပေးပါ
  • တစ်ဖြည်းဖြည်းနဲ့ မုန့်အိုးထဲမှာ ရေမပေါက်တော့ဘဲ မုန့်သားကြည်လာပြီ ဆိုလာပါက ဆီသုတ်ထားသော ဗူးထဲသို့ ခပ်မြန်မြန် လောင်းထည့်ပေးပါ
  • မုန့်သားညီညီလေးရအောင် သစ်သားယောင်းမဖြင့် အသာလေး ညှိပေးပြီး မျက်နှာပြင်ကို လိုက်ဖိပေးပါ
  • ပြီးတာနဲ့ မုန့်ဗူးကို အခန်းအတွင်းမှာဘဲ၂နာရီလောက် အအေးခံပေးပါ
  • မုန့်သားပူနေချိန် ရေခဲသေတ္တာထဲမှာထည့်ပြီး အအေးမခံမိဖို့ အထူးသတိထားပေးပါ
  • မုန့်သားအေးသွားမှ ရေခဲသေတ္တာထဲမှာ ထည့်ထားနိူင်ပါတယ်ဆ
  • ပြောင်းကော်မှုန့်နှင့်လုပ်သော မုန့်ဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာ တစ်ပါတ်လောက်အထိထားပြီး စားနိူင်ပါတယ်
  • မုန့်ဦးနှောက်ဗူး အေးပြီးခဲသွားမှ ဗန်းတစ်ခုထဲကို ဗူးထဲမှ မှောက်ချပေးပါ
  • မှောက်ချပေးသည့်ဘက်မှ မိမိနှစ်သက်သလို လှီးပေးပါ
  • လှီးတဲ့အခါမှာ ဓါးကိုဆီသုတ်ပြီးမှ လှီးပေးပါမှ မုန့်တုံးလှလှလေးတွေ ရပါမယ်
  • ပြီးတာနဲ့ အဆင်သင့် ကျိုထားသော အုန်းနို့ဆမ်းကာ ချိုစိမ့်စိမ့် အိအိတုံတုံ မုန့်ဦးနှောက် အုန်းဆီဆမ်းတဲ့ မုန့်ပွဲကို ပြင်ပေး နိူင်ပါပြီ။

No comments:

Post a Comment