Friday 24 September 2021

ကြက်သားပြုပ်ကြော်

 


ဒီနေ့တော့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် တစ်ချို့ကလဲ ကြက်သားပြုပ်ကြော် ချက်တဲ့အခါ လွယ်လွယ်လေးလို့ ထင်မိမှာပါဘဲ။

ဟုတ်ပါတယ် ချက်နေကျ ချက်တတ်နေတဲ့ သူတွေအတွက်တော့ အရမ်းကိုဘဲ လွယ်ပါတယ် ချက်နေမကျရင်တော့ အချိန်အဆလေးတွေအတွက် အနည်းငယ် ခက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ စားလို့လဲကောင်းစေ ထမင်းလဲမြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်ရင်ပုံသား - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - ခပ်ပါးပါး လေးပြား
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (များများထည့်ရင်လဲ ရပါတယ်)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ထားပါးပါးလေးတွေ လှီးပေးထားပါ
  • ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့ကို အရသာဝင်အောင် နယ်ပေးပါ  
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • လုံးရည်လေး ခမ်းကာနီးတော့မှ ရေမြုပ်အောင် ပထမတရည် ထပ်ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
  • ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းပြီး ကြက်သားကို အိုးနဲနဲကပ်အောင် ထားပေးပါ
  • အိုးအောက်ခြေမှာ ကပ်လာပြီ ဆိုတော့မှ ရေအနည်းငယ်နှင့် ဆီတို့ကိုထည့်ပြီး ဆီကျွတ်ကျွတ် မြည်လာအောင် တည်ပေးပါ 
  • မာမာကတော့ ထမင်းပူပူလေးနဲ့ နယ်စားရအောင် ဆီကိုခပ်များများလေး ထည့်ပေးပါတယ်
  • ပြီးတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ လက်ကျန်မီးအပူရှိန်နှင့် ထားပေးပြီး ဆီနံ့လေး မွှေးလာလျှင် ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment