ဒီနေ့တော့ ဗီယက်နမ်ဈေးကအပြန် ဝယ်လာခဲ့တဲ့ ငှက်ပျောအူလေးတွေကို ဆေးကြောသန့်စင်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းဖို့ ပြင်ဆင်ဖြစ်ပါတယ်။
ငှက်ပျောအူက မြန်မာပြည်မှာလို လိုချင်တဲ့အချိန် မရသလို ပေါပေါများများ မရလေတော့ ရတုန်းရခိုက်လေး ခပ်များများလေး ဝယ်လာပြီး သိမ်းထားဖြစ်တာမို့လို့ မာမာပြင်ဆင်ပြီး သိမ်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောအူ - နှစ်ပေခန့်
- နနွင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ငှက်ပျောအူလေးတွေကို အပြင်ခွံ ရင့်နေတဲ့ အပိုင်းလေးတွေကို အရင်ဆုံး ခွာလိုက်ပါ
- ထိုအပြင်ခွံလေးတွေက ငှက်ပျောပင်ရဲ့ ရင့်တဲ့အပိုင်း ဖြစ်တဲ့အတွက် အကြောတွေကို သေသေချာချာ သင်ပေးပါ
- အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
- ဇလုံကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဖျော်ပြီး အဆင်သင့် ပြင်ထားပါ
- အကြောသင်ထားတဲ့ ငှက်ပျောအူလေးတွေက ရင့်တဲ့အတွက် ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါးလေးတွေ လှီးပေးပါ
- လှီးပြီးတာနဲ့ ငှက်ပျောအူလေးတွေကို နနွင်းရေထဲမှာ တစ်နာရီလောက် စိမ်ထားပေးပါ
- နနွင်းရည် စိမ်ထားခြင်းကြောင့် ငှက်ပျောအူမှာ ကပ်နေတဲ့ အစေးတွေ ထွက်သွားသလို ဟင်းထဲထည့်ချက်တဲ့ အခါမှာလဲ အရောင် မည်းမည်းကြီး မဖြစ်တော့ပါဘူး
- နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူကို ရေမြုပ်လောက်အောင် ထည့်ပြီး နာရီဝက်လောက် ပြုပ်ပေးပါ
- အပြင်ခွံက မာကြောကြောလေး ဖြစ်နေတဲ့အတွက် နာရီဝက်ပြုပ်ပေးပါ
- ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
- ပြုပ်ပြီးတာနဲဲ့ ရေပူများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ရေများသွန်ကာ ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ လေလုံတဲ့ အိတ်လေးတွေထဲ ထည့်ပေးကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းနိူင်ပါပြီ။
- နောက်တစ်ခုကတော့ အပြင်ခွံခွာပြီး ကျန်နေတဲ့ အတွင်းပိုင်းလေးတွေကိုလဲ တစ်ဖတ်ခြင်းခွာကာ အကြောတွေ သင်ပေးပါ
- အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
- ထိုအပိုင်းက ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် ခပ်ထူထူလေးတွေ လှီးပေးပါ
- ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကိုထည့်ပြီး ဖျော်ထားပါ
- နနွင်းရည်ထဲမှာ လှီးထားသော ငှက်ပျောအူများကို တစ်နာရီလောက် စိမ်ပေးပါ
- နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူများကို ရေမြုပ်လောက်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် မိနစ်နှစ်ဆယ်လောက်ဘဲ ပြုပ်ပေးပါ
- ငှက်ပျောအူ ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
- ပြီးတာနဲ့ ပြုပ်ထားသောရေများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ထိုရေများသွန်ကာ ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ လေလုံအိတ်လေးတွေမှာ ထည့်ပေးပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးပြီး သိမ်းထားနိူင်ပါပြီ။
- မိမိအသုံးပြုတော့မယ် ဆိုရင်တော့ ရေခဲသေတ္တာထဲမှ လေးနာရီလောက် ကြိုတင်ပြီး ထုတ်ထားပါ။
No comments:
Post a Comment