ဒီတခါတော့ NSW ပြည်နယ်ထဲက တရုတ်လူမျိုးတွေ အများဆုံး နေကြတဲ့ Burwood မြို့ဘက်ကို သွားကြရင်း ဈေးကိုရောက်တော့ အမဲအူ ထပ်တစ်ရာလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ငရုတ်သီး ခပ်စပ်စပ်လေးနဲ့ ချက်ထားပြီး မဆလာ နိူင်နိူင်လေးနဲ့ လုံးချက်လေး ချက်ထားပါတယ်။
အဓိကကတော့ အမဲအူတို့ စိတ်အူဟင်းချက်ရင် ငံပြာရည် မထဲ့ဖို့တော့ သတိထားစေချင်ပါတယ် ငံပြာရည်ထဲ့ချက်ရင် အညှီနံ့ကို မထိမ်းတဲ့အပြင် ငံပြာရည်နံ့က ပိုပြီးထွက်စေပါတယ် ဒါကြောင့်မို့လို့ အမဲအူတို့ ဆိတ်အူတို့ ချက်တဲ့အခါမှာ ဆားလေးနဲ့ အရသာနယ်ပြီး စပါးလင် ထုထောင်းထဲ့ကာ ချက်ပါက ပိုပြီးတော့ စားလို့ကောင်းပါတယ်။
အမဲအူ ထပ်တစ်ရာ ချက်ထားတဲ့ ဟင်းကျက်တယ် ဆိုရင်ဘဲ အရမ်းကို မွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အမဲအူ ထပ်တစ်ရာ - 1 kg
- ကြက်သွန်နီ- အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - သုံးမွှာ
- ချင်း - လက်တစ်ဆစ်
- စပါးလင် - တစ်ပင်
- နနွင်းမှုန့် - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်းခန့်
ပြင်ဆင်ပုံ
- အမဲအူများကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ။
- ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ။
- စပါးလင်ကို အပင်လိုက် ရေဆေးပြီး အရင်းပိုင်းကို ခပ်ပါးပါး လှီးထားပါ။
- စပါးလင် အဖျားပိုင်း အရွက်များကို အနည်းငယ် ပွတ်ချေပြီး ထုံးထားပါ။
- အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီး အရောင်တင်မှုန့်နှင့်အတူ စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ထည့်ပြီး ညက်နေအောင် ထောင်းပေးပါ။
- အမဲအူများကို ဇလုံတစ်လုံးထဲထည့်ပြီး ငရုတ်သီးထောင်း မဆလာ နနွင်မှုန့်း ဆား အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာ၀င်အောင် ၁၀မိနစ်လောက် နှပ်ထားပါ။
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇောက်နက်သော အိုးထဲမှာ အရသာ နယ်ထားသော အမဲအူ စပါးလင်ရွက်ထုံး ဆီနှင့် ရေအနည်းငယ်တို့ကိုထည့်ပြီး လုံးချက်ချက်ပေးပါ။
- အမဲအူများ ရေပွက်ပွက် ဆူလာပြီး မာတင်းလာမှ တစ်ချက်လောက် မွှေပေးပြီး ရေမြုပ်အောင်ထည့်ကာ တည်ပေးပါ။
- ပထမ တစ်ရည်ခမ်းပြီး နူးမနူး မြည်းကြည့်ပေးပါ။
- မနူးသေးပါက နောက်ထပ်တစ်ရည် အမဲအူများ ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ။
- အမဲအူများ ရေမခမ်းသေးခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ။
- ရေခမ်းပြီး ဆီပြန်တာနဲ့ အမဲအူ ထပ်တစ်ရာ ဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment