Sunday 11 April 2021

ပဲကုလားဟင်း မွှေးမွှေးလေး


ဒီနေ့တော့ မြန်မာပြည်က သတင်းတွေ လိုက်ဖတ်ရင်း စိတ်မချမ်းသာ စိတ်ထဲမှာ မပျော်သလို ခံစားနေရတယ် မြန်မြန်ကြီးလဲ အေးချမ်းစေချင်လှပါပြီရှင်။
သတင်းတွေဖတ်ပြီး အချိန်တန်ပြန်တော့ ဗိုက်ပါ ဆန္ဒပြလာပြီမို့လို့ မီးဖိုဆောင်ထဲ ဝင်ရပြန်ပါတယ် ဒီလိုနဲ့ အရည်သောက်ဆမ်းလေးကို ဘာချက်ရင် ကောင်းမလဲ စဉ်းစားနေရင်းက အိမ်မှာ ခရမ်းသီးနဲ့ ရုံးပတေသီးတွေ အဆင်သင့် ရှိနေတာနဲ့ ပဲကုလားဟင်းလေး ချက်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မဆလာနံ့ မွှေးမွှေးလေးနဲ့ ပဲကုလားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်းပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ခရမ်းသီး - အရှည် နှစ်လုံး
  3. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  4. ရုံးပတေသီး - နှစ်သက်သလောက်
  5. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  6. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲထည့်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  12. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  15. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  16. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်း ပဲဆံကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နနွင်းမှုန့် ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးထားပြီး ထိပ်နှစ်ဖက်ကို ဖြတ်ကာ အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်အရွယ် တုံးထားပါ
  • ခရမ်းသီးကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီး ထည့်ပေးကာ ဆီသတ်ပေးပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အသီးများ နည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို လက်နဲ့ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူလာပါက မဆလာ ရုံးပတေသီးနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment