Thursday 8 April 2021

ဗီယက်နမ်ဆန်ပြား ကြက်ဥအိုးပူတိုက်

 








ဒီနေ့တော့ မြန်မာပြည်က သတင်းတွေကြည့်လိုက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိတ်တွေလဲ ထွေပြားနေရတုန်းပါဘဲ ဆုတောင်းပေးနေရုံမှတစ်ပါး ဘာမှ မလုပ်ပေးနိူင်တဲ့အတွက်လဲ စိတ်တွေလဲ အတော်လေး မကောင်း ဖြစ်ရပါတယ်။

ဒီတော့လဲ အိမ်ရှင်မတစ်ယောက်ရဲ့ စိတ်ထွက်ပေါက်က ဘုရားစင်ရှေ့မှာ လှူဖွယ်အစုစုတို့ကို လှူဒါန်းပေးပြီး ဘုရားရှစ်ခိုး ဆုတောင်း အမျှဝေပြီးတာနဲ့ မီးဖိုဆောင်ထဲဝင် ချက်ရပြုပ်ရပြန်တာပါဘဲ။

ဘာချက်ရမလဲ စဉ်းစားရင်း စားစရာတွေ ထည့်ထားတဲ့ ဘီဒိုထဲ မွှေနှောက်နေတုန်း ဗီယက်နမ် ဆန်ပြားဖတ် အထုတ်လေး တွေ့တာနဲ့ ကြက်ဥနဲ့ အိုးပူတိုက်လေး လုပ်စားရင် ကောင်းမယ်ဆိုပြီး လုပ်စားဖြစ်တာနဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားဖတ် - သုံးချပ်
  2. ကြက်ဥ - သုံးလုံး
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. အရသာမှုန့် - အနည်းငယ်
  5. ဆား - အနည်းငယ်
ပြင်ဆင်ပုံ
  • မကပ်သော အောက်ချေပြား ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ ဆန်ပြားဖတ်ကို ဒယ်အိုးထဲ ထည့်ပေးပြီးတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • ပြီးတာနဲ့ မီးအပူရှိန်ကြောင့် ဆန်ပြားဖတ် ကော့ပြီး လန်မထွက်သွားအောင် သစ်သားယောင်းမနှင့် လိုက်ဖိပေးပါ
  • ဆန်ပြားဖတ် အနည်းငယ် ပူလာတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး လိုက်ဖြန့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ကို မိမိနှစ်သက်သလောက် ဖြူးပြီးထည့်ပေးပါ
  • အရသာတွေ ထည့်ပေးပြီးပါ ကြက်ဥများ ကျက်သွားအောင် ထားပေးပါ
  • ကြက်ဥကျက်သွားပြီ ဆိုတာနဲ့ ပုံပါအတိုင် ထက်ဝက်ခေါက်ပေးပြီး ခနလောက် ထားပေးပါ
  • ပြီးတာနဲ့ အထက်အောက် လှန်ပေးပြီး ခနထားပေးကာ နောက်တစ်ခေါက် ခေါက်ပေးပါ
  • တြိဂံပုံလေး ခေါက်ပြီးတာနဲ့ အထက်အောက် လှန်ပေးပြီး ခနထားပေးကာ အိုးထဲမှ ဖယ်ပေးပြီး ကြက်ဥကုန်တဲ့အထိ နောက်ထပ် နှစ်ခုကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  • မုန့်အားလုံး လုပ်ပြီးသွားပြီ ဆိုတာနဲ့ ဆန်ပြားဖတ်ကြက်ဥ အိုးပူတိုက်လေးကို သုံးဆောင် နိူင်ပါပြီ။

No comments:

Post a Comment