Thursday 21 March 2019

ထောပါတ်သီး ရေခဲချောင်း









ထောပါတ်သီးလေးတွေ လတ်လတ်ဆတ်ဆတ် ဝယ်လာပြီး ဒီတခါတော့ အရမ်းကို စားလို့ကောင်းလွန်းတဲ့ ရေခဲချောင်းလေးတွေ လုပ်စားဖြစ်ပါတယ်။

အိမ်မှာကိုယ့်ဘာသာကိုယ် လုပ်စားတော့ သန့်သန့်လေးလဲ စားရသလို အချိုအရသာကို မိမိနှစ်သက်သလို ထည့်ပြီးစားနိုင်တာမို့လို့ ကျန်းမာရေးနဲ့လဲ ညီညွတ်မှာ သေချာပါတယ်။

မာမာကတော့ ထောပါတ်သီးဆို ဘယ်လိုလုပ်စားလုပ်စား အရမ်းကြိုက်တဲ့ အသီးထဲမှာ ပါတဲ့အတွက် အချိုပေါ့ပေါ့လေးနဲ့ လုပ်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ်သီး - တစ်လုံး
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ရေကျက်အေး - ရေခဲချောင်းလုပ်မည့်မိုလ် လေးခုစာ
  5. ရေခဲချောင်းလုပ်မည့်မိုလ် - ၆ခု
ပြင်ဆင်ပုံ
  1. ထောပါတ်သီး လတ်လတ်ဆတ်ဆတ်ကို အခွံခွာပြီး ကျေနေအောင် ချေထားပါ
  2. ဆား သကြား ရေနှင့် ရေခဲချောင်းလုပ်မည့် မိုလ်များကို ပြင်ထားပါ
  3. ကျေနေအောင် ချေထားသော ထောပါတ်သီးပန်းကန်ထဲမှာ ဆား သကြား ရေကျက်အေးတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  4. ပြီးတာနဲ့ ထောပါတ်သီးဖျော်ရည်များကို ရေခဲချောင်း မိုလ်များထဲသို့ ဇွန်းဖြင့်ခတ်ထည့်ပေးပါ
  5. ပြီးတာနဲ့ ရေခဲချောင်းလုပ်မည့် ဒုတ်ချောင်းလေးတွေကို စိုက်ထည့်ပေးပါ
  6. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ၈နာရီလောက်ထည့်ပြီး ခဲပေးထားပါ
  7. ရေခဲချောင်း စားဖို့ပြင်တဲ့အခါ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရိုးရိုးရေဖြင့် သုံးမိနစ်ခန့် စိမ်ထားပေးပြီးမှ မိုလ်ထဲမှ ထုတ်ယူကာ ထောပါတ်သီး ရေခဲချောင်း စိမ့်မိမ့်အေးအေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment