Thursday 26 June 2014

ငါးမြွေထိုး ငါးပိကောင်လုပ်နည်းနှင့် ငါးပိကောင်ကြော်






ငါးပိကောင်လို့ဆိုပေမဲ့ အရမ်းငံမနေဘဲ စားလို့ကောင်းရုံ ငံမြမြနဲ့ ငါးဆားနယ်လေးပါဘဲ ၃ရက်လောက်ဘဲ ဆားနယ်ပြီး ရေစင်အောင် ပြန်ဆေးကာ ငရုတ်သီးတောင့် ငရုတ်သီးလုံးကြမ်းခွဲ ကြက်သွန်ဖြူတို့နဲ့ကြော်ထားတာမို့ စွဲမက်စရာ ငါးငပိကောင်ကြော်လေး တမျိုးပါဘဲ။

မာမာလုပ်တဲ့ ငါးပိကောင်လုပ်နည်းက အရမ်းကိုရိုးရှင်းပြီး လုပ်ရတာလဲ တော်လေးကို လွယ်တဲ့အတွက် မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြွေထိုး - 300 g
  2. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်းတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  3. ပန်းကန်ပြားတစ်ချပ်ခံပြီး ဆားနယ်ထားသောငါးများကို စီပြီးထဲ့ပေးပါ။
  4. ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှအလေးတစ်ခုခုနဲ့ဖိထားပါ။
  5. ရိုးရိုးအိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  6. ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ရပါပြီ။

ပြင်ဆင်ပုံ
  • ငါးကိုဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက်စိမ်ပြီးမှ ရေဆေးပေးပါ။
  • ဆီကိုမီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာလောက်ကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကိုထဲ့မွှေပါ။
  • ငရုတ်သီးကြော်ထဲကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်နဲ့ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ကို ထဲ့ပြီးကြော်ပေးပါ။
  • ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင် ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
  • မွှေပြီးတာနဲ့ ငရုတ်သီးတောင့်ကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပြီး ထမင်းမိန်စေတဲ့ ငါးပိကောင်ကြော်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ။

3 comments:

  1. ငါးမြွေထိုးလေးတွေ ဝယ်လို့ရတာ ကောင်းလိုက်တာ အစ်မရေ ....
    သွားရေကျသွားပါတယ်နော် .... ^__^

    ReplyDelete
  2. အဲဒါလေးတွေဝယ်လို့ရလို့ တော်နေသေးတာနော် ညီမလေးရေ။

    ReplyDelete
  3. ဟုတ်တယ်မမမာရေ ထမင်းစားကောင်းတယ်။

    ReplyDelete