Friday 10 January 2014

Shimeji mushrooms ဟင်းချို

Shimeji mushrooms ဟင်းချိုရည်

Shimeji mushrooms

ဟင်းချက်နေကျ မီးဖိုဆောင်လေးကို မာမာမရောက်ခဲ့တာ ကြာပါပြီ ဒီနေ့တော့ စိတ်အမောတွေလဲ ပြေပါစေတော့ရယ်ဆိုပြီး မီးဖိုထဲပြန်ဝင်ရင်း မာမာအရမ်းကြိုက်တဲ့ မှိုဟင်းချိုလေးချက်ဖြစ်ခဲ့ပါတယ်။

 ဂျပန်မှိုလေး တစ်မျိုးဖြစ်ပေမဲ့ စားလို့ကောင်းသလို အရသာက မြန်မာပြည်မှာ စားနေကျ ခြေတံရှည်မှိုမျိုးနဲ့ တူပါတယ်။

ခြေတံရှည်မှိုလို တပင်ခြင်းမဟုတ်ဘဲအုံလိုက် ပေါက်တတ်တဲ့မှို အမျိုးစားပါ သူ့ကိုအုံလိုက်လေးရေစင် အောင်ဆေးပြီးမှ တစ်ပင်ချင်းခွာပြီး ကြက်သွန်အဖြူနဲ့အနီကို ဆီသတ်ပြီးမှမှိုကို ထဲ့ပြီးချက်ပါတယ်။

ချက်ရလွယ်ပြီး သောက်လို့ကောင်းတဲ့ ဟင်းရည်တစ်မျိုးပါ ဟင်းရည်ကျက်ပြီ ဆိုရင်တော့ သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်တဲ့ ဟင်းရည် ချိုချိုမွှေးမွှေးလေး ရပါပြီ။

ပါဝင်​ပစ္စည်းများ
  1. Shimeji mushrooms - 500 g
  2. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူအမွှာကြီးကြီး - သုံးမွှာ
  3. ပါးပါးလှီးထားသော ကြက်သွန်နီ အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် - တစ်လုံးခွဲသာသာ
  9. သံပုရာသီး - တစ်ခြမ်း
ပြင်ဆင်ပုံ


  • ဆီကိုမီးအနေတော်နှင့်အပူပေးပါ
  • ဆီပူလာပါကနနွင်းမှုန့်ကို အရင်ထဲ့ပြီး ကြက်သွန်အဖြူနှင့်အနီကိုထဲ့ပြီး ဆီသက်ပါ
  • ကြက်သွန်များမွှေးလာပါက ငရုတ်သီးမှုန့်ထဲ့ပြီး မွှေးတဲ့အထိ မွှေပေးပါ
  • မှိုများထဲ့ပြီးမွှေပေးကာဆားနှင့်ရေ လိုသလောက်ထဲ့ပြီး ဆူတဲ့ထိ တည်ပေးပါ
  • ဟင်းရည်ဆူလာပါက အပေါ့အငံမြည်းပြီး သံပုရာရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီ။
  • 2 comments:

    1. အစ်မရေ .. မှိုဟင်းချိုလေးတင်ထားတာ တွေ့လို့ ဝမ်းသာသွားတယ် ..
      ဘာအခတ်မှမပါဘဲနဲ့ကို သူချည်းဘဲ ချိုတယ်နဲ့ တူတယ်နော် ..
      အားပေးသွားပါတယ် .. ^___^

      ReplyDelete
    2. ဘာမှ ခတ်စရာမလိုဘူး ညီမလေးရေ သူ့အချိုအတိုင်းလေးပါဘဲ
      အားပေးတဲ့အတွက် ကျေးဇူးတင်တယ်နော်

      ReplyDelete