Saturday 29 June 2013

ပုဇွန်အချိုကြော်

ပုဇွန်ထုတ်ကြော်

မာမာအခုရက်ထဲ အလုပ်တွေများနေလို့ ပုံတွေတင်တာနည်းပေမဲ့ ချက်နည်းလေးတွေတော့ မာမာရေးပါ့မယ် ဓါတ်ပုံအဆင့်ဆင့်ရိုက်ဖို့ အချိန်မရတဲ့အတွက်ပါ ဒီန့လဲ မာမာပုဇွန်အချိုလေးကြော် ထားပါတယ် ရေငံပုဇွန်မို့လို့ ကြော်ရတာနဲနဲခက်ပါတယ် မာမာကရေငံပုဇွန်ရဲ့ အနံ့ကိုသိပ်မကြိုက်ပါဘူး။

ရေချိုပုဇွန်ကခေါင်းနဲ့ခေါင်းထဲက ပုဇွန်ဆီကမွှေးပေမဲ့ ရေငံပုဇွန်ရဲ့ခေါင်းထဲကအဆီက မမွှေးပါဘဲ ညှီတဲ့ဘက်ကို အနံ့ရှိတာမို့ အဲဒီအနံ့ပျောက်အောင် ပုဇွန်ခေါင်းတွေဖြုတ်ကာ ဖယ်ပြီးမှကြော်ပါတယ်။

အခွံတွေခွာပြီးတဲ့အခါမှာတော့ ပုဇွန်ကိုရေအေးအေးလေးနဲ့ သေသေချာချာ ပြန်ပြီးဆေးပြီးမှ အရသာနယ်ကာကြော်လိုက်မှသာ ရေငံပုဇွန်ရဲ့အနံ့ကပျောက်ပါတယ်။

မာမာကြော်တဲ့နည်းလေး မျှဝေပါမယ်

ဟင်းတစ်ပွဲစာအတွက်ပါ

  • အခွံခွာပြီးခေါင်းဖြုတ်ကာ ကြောမှခွဲပြီးအမဲကြောင်း ထုတ်ထားသောပုဇွန်ထုတ် - ဆယ့်နှစ်ကောင်
  • ပါးပါးလှီးထားသော ကြက်သွန်နီ - ဥကြီးကြီးတလုံး
  • မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဝက်သာသာ
ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
မီးအနေတော်နဲ့ ဆီကိုအပူပေးကာ ဆီပူလာလျှင်နနွင်းမှုန့်ကိုထဲ့ပြီး ကြက်သွန်နီကိုနွမ်းသွားအောင် အရင်ကြော်လိုက်ပါ ကြက်သွန်နီနွမ်းလာပါက ကြက်သွန်ဖြူကို ထဲ့ကြော်ပေးပါ ကြက်သွန်ဖြူအနံ့လေးမွှေး လာတာနဲ့ အရသာနယ်ထားသော ပုဇွန်ကိုထဲ့ကြော်ပေးပါ သုံးမိနစ်လောက်ကြော်ပြီးတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပါ ဆီကျွတ်ကျွတ်မြည်လာလျှင် ပုဇွန်အချိုကြော်လေးရပါပြီ။

2 comments:

  1. ကြည်ရင်နဲ စားချင်လာပီ

    ReplyDelete