Saturday 29 June 2013

ကြက်ရင်ပုံသားပဲငပိ အသီးအရွက်ကြော်



ဒီနေ့တော့ပါးစပ်အရသာကို အာရုံတစ်မျိုးပြောင်းထားပါတယ် ကြက်ရင်ပုံသားလေးတွေကိုပါးပါးလှီးထားပြီး ပဲငပိလေး အဓိကထဲ့ပြေးကြော်ထားပါတယ်။

ပဲငပိနံ့ မွှေးမွှေးလေးနဲ့မို့ စားရတာတော့ တော်တော်လေးကောင်းပါတယ် အခုရက်ထဲမှာ မာမာအလုပ်နဲနဲများနေလို့ ဓါတ်ပုံအဆင့်ဆင့် မရိုက်နိုင်ခဲ့ပါဘူး ဒါကြောင့်မို့ ကြော်နည်းလေးကိုတော့ တဆင့်ဆီ ရေးပေးထားတယ်။

ဟင်းတစ်ပွဲစာအတွက် လိုအပ်တာတွေ အားလုံးကိုစပြီး ပြင်ပါမယ်
  • ပါးပါးလှီးထားသော ကြက်ရင်ပုံသား အနေတော်  - ဆယ့်ငါးခု
  • ပါးပါးလှီးထားသော မုံလာဥနီ - လက်ဖက်ရည်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသော ဘရိုကိုလီ - လက်ဖက်ရည်ပန်းကန် တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသော ပန်းဂေါ်ဖီ - လက်ဖက်ရည်ပန်းလုံး တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသော celery - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  • ပဲငပိ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ပထမဆုံး ဆီပူလာအောင် တည်ပေးပါ 
  2. ဆီပူလာပါက ကြက်သားကို အရင်ထဲ့ပြီး နှစ်မိနစ်လောက် ကြော်ပေးပါ
  3. ကြက်သား အသား မာလာပါက ရေအနည်းငယ်ထဲ့ပြီး ရေခမ်းအောင် တည်ပေးပါ
  4. ရေခမ်းသွားပါက ကြက်သွန်ဖြူကိုထဲ့ပြီး ကြော်ပေးပါ
  5. ကြက်သွန်ဖြူ နွမ်းသွားပါက အသီးအရွက်များ ဆားနှင့်ဟင်းချိုမှုန့်တို့ကို ထဲ့ပေးပါ
  6. မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ်နှင့် ပဲငပိတို့ကိုထဲ့ပြီး ဆက်ကြော်ပေးပါ
  7. ရေပွက်ပွက်ဆူလာပါက ပဲငံပြာရည်ထဲ့ပြီး အပေါ့အငံမြည်းကာ မီးပိတ်ပေးပါ
  8. အရသာကောင်းမွန်ပြီး ထမင်းစားမိန်စေတဲ့ ပဲငပိကြက်သား အသီးအရွက်ကြော်လေး ရပါပြီ။

No comments:

Post a Comment