Wednesday, 1 June 2022

ဆီစိမ်ကြက်ကြော်

 


ဒီနေ့တော့ ကြက်ပေါင်သားလေးတွေကို မွှေးပြီးမွနေအောင် ကြော်ထားပါတယ် ကြော်ပြီးတဲ့အခါ ကြက်ကြော်ဆီလေးနဲ့ ပြန်စိမ်ထားတဲ့အခါ တစ်ပါတ်လောက် အထားခံသလို ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - ခပ်ကြီးကြီး လေးခု
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ကြက်ပေါင်များကို ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ  အရသာဝင်အောက် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာဝင်အောင် ဆယ်မိနစ်လောက် နှပ်ထားပေးပါ
  • ကြပ်သားနှပ်ထားတာ ရတာနဲ့ အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ပြုပ်ထားသော ကြက်သားတုံးလေးတွေ မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ထပ်ပြုပ်ပေးပါ
  • ကြပ်သားတုံးလေးဆွေ နူးလာတာတဲ့ အိုးထဲမှရေ ကုန်တဲ့အထိ ပြုပ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီကို အိုးတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပါ
  • ကြပ်သားက ကြက်ပြီးသား ဖြစ်တဲ့အတွက်ကြက်သားထည့်ပြီးတာနဲ့ အပြင်ခွံလေး ကြွတ်လာရုံဘဲ ကြော်ပေးပါ
  • ကြော်နေစဉ် အထက်အောက် မကြာမကြာ လှန်ပေးကာ အပြင်ခွံလေး ကြွတ်လာပြီ ဆိုတာနဲ့ ဆယ်ထားပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားများ ကုန်အောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်ကြော်ဆီများပို အအေးခံကာ ကြာ်ပြီးသား ကြက်သားကြော်ထဲကို ပြန်လောင်းထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါက တစ်ပါတ်ဆယ်ရက်လောပ် အထားခံပါတယ်
  • ကြက်သားကြော် အပြင်ခွံ မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 30 May 2022

ကြက်ကြိတ်သား အစာသွပ်






ဒီနေ့တော့ ဘုံလုံသီးကို ကြက်သားနဲ့ အစာသွတ်လေး ချက်ပါမယ် မဆိုသလောက်လေး လက်ဝင်ပေမဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘုံလုံသီး - နှစ်တောင့် 
  2. ကြက်ကြိတ်သား - 250 g
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  5. ချင်း - လက်တစ်ဆစ်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  7. ကြက်ဥ - တစ်လုံး
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ဆီ - ထမင်းစားဇွန်း ၈ဇွန်းသာသာ 
  13. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ဘုံလုံသီးကို အတောင့်လိုက်ကိုင်ကာ အပေါ်ယံ အမှေးအဖြူရောင်များ ကုန်သွားအောင် ဓါးနှင့် ခြစ်ပေးပါ
  • နှစ်တောင့်လုံး အမှေးပါးများ ခြစ်ပြီးတာနဲ့ အတောင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း မိမိနှစ်သက်သလောက် အရှည်အနေအထား ရအောင် လှီးပေးပါ 
  • လှီးထားသော ဘုံလုံသီးအထဲမှ အစေ့များကို တစ်ဖက်ပိတ်ချန်ပြီး တစ်ဖက်မှ အရိုးရှည်သော ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ဘုံလုံစေ့များနှင့် အမျှင်များကို အစေ့အရမ်း မရင့်ပါက ဓါးနှင့်နုတ်နုတ် စဉ်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်ကြိတ်သားကို ဇလုံထဲထည့်ကာ ပဲဆီ ကြက်ဥ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တဝက် ဆား နနွင်းမှုန့် နုတ်နုတ်စဉ်းထားသော ဘုံလုံစေ့များနှင့် အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီ အနေတော်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားကာ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဘုံလုံသီးများကို အစာသွပ်ဖို့ ပြင်ပေးပါ
  • အရသာ နယ်ထားသော အစာကို ဇွန်းလေးတစ်ခုနှင့်ခပ်ပြီး ဘုံလုံသီးထဲကို တစ်ခုခြင်း အစာသွပ်ပေးပါ
  • အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • ဘုံလုံသီးများ အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီနှင့်နနွင်းမှုန့်တို့ကိုထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာအသားများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော ကြက်သားများ မာလာပါက အစာသွပ်ထားသော ဘုံလုံသီး အစာသွပ်များကို ထည့်ပေးပါ
  • ဘုံလုံသီးများ အိုးမကပ်စေရန် အိုးကိုအသာ လှုပ်လှုပ်ပေးပါ 
  • ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး အသားများ မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
  • ပြီးတာနဲ့ ဘုံလုံသီးများ မမြုပ်တစ်မြုပ် ရေထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ဆားနှင့် အချိုမှုန့်ထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာ အနေတော် ဖြစ်ပြီဆို   အထက်အောက် အသာလှန်ပေးပြီး ရေကိုမိမိနှစ်သက်သလောက်ထားပြီး မီးပိတ်ပေးပါ
  • ဘုံလုံသီး ကြက်သား အစာသွပ် မွှေးမွှေးလေးကို စားပွဲပြင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Sunday, 29 May 2022

က ကတစ် ငါးငပိချက်

 



အခုရက်ထဲ အလုပ်များနေတာနဲ့ blog လေးလဲ ပြစ်ထားသလို ဖြစ်ခဲ့ရပြန်ပါတယ် ဒီနေ့တော့ အလုပ်များတဲ့ ကြားထဲကဘဲ က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးအသားခြစ်ကာ ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ်။

ငါးကို အကြေးခွံထိုး ဗိုက်ခွဲပြီး မလိုတာတွေပေးကာ ငါးအကောင်လိုက်ကို ရေငါးထပ်လောက်နဲ့ စင်နေအောင်ဆေးပြီး အရိုးအသား သပ်သပ်စီလွှာကာ ငါးအသားခြစ်ပေးရတာက အလုပ်နည်းနည်း ရှုပ်ပါတယ်။

ဒါပေမဲ့လဲ ငါးငပိချက်နဲ့ဆိုရင် တစ်ခြားဘာဟင်းမှ မလိုအောင် ထမင်းမြိန်မြိန် စားလို့ရတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ က ကတစ် ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
  5. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  6. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ခြစ်ယူပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • က ကတစ်ငါး ချင်းခြစ် ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday, 27 May 2022

ကော်ပြန့်ကြော်သုပ်

 










ဒီနေ့တော့ အသားငါးတွေ မချက်ချင်တာနဲ့ ကော်ပြန့်ကြော်လေးတွေကြော်ပြီး ပဲဟင်းလေးချက်ကာ စားဖို့ပြင်လိုက်ပါတယ်။
တစ်ခါတစ်လေ အခုလိုလေး စားရတာကို အရသာ တွေ့တတ်တာမို့လို့ အလွယ်ချက်တဲ့ ပဲဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ပလာတာ တစ်ဆယ့်ငါးချပ်စာအတွက်)
  1. ပလာတာ - တစ်ဆယ့်ငါးချပ်
  2. ကုလားပဲခြမ်း - နှစ်ဆယ်သား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်သည့် အထဲထည့်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  8. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  10. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  13. အာလူး - ကီလိုဝက်
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  17. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  18. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  19. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  20. ကရဝေးရွက် -နှစ်ရွက်
  21. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  22. ဂေါ်ဖီထုပ် - တစ်စိတ်
  23. ကြက်သွန်နီ - အနေတော် ငါးလုံး
  24. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  25. သံပုရာသီး - ငါးလုံး
  26. ပူစီနံ - မိမိနှစ်သက်သလောက်
ပဲပြုပ်ရန် ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမွာ ထည့်ပေးပါ
  • ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
  • ပဲပြုပ်တဲ့အခါ ပဲအိုးထဲမွ ရေများဝေမကျအောင် အိုးအဖုံးကို ဟပြီးပြုပ်ပေးပါ
  • ပဲများကို နူးတဲ့အထိ ပြုပ်ပေးပြီး ပဲများနူးပါက အအေးခံထားပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးများကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကို နည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ 
  • အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူး နူးလာပါက ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းပြီးထည့်ကာ တည်ပေးပါ
  • ရေကိုမပျစ်မကျဲ  အေနအထား ရလာအောင် ထည့်ပေးပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးကာ အရသာကို မြည်းပေးပြီး ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ပဲဟင်းရည် ရပြီဖြစ်တဲ့မတွက် မီးပိတ်ပေးထားပါ။
စားပွဲပြင်ရန်
  • ကြော်ထားသော ကော်ပြန့်ကြော်ကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
  • ပဲဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ကော်ပြန့်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပလာတာ ပဲရည်ဆမ်း ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 7 April 2022

ကြက်သားပေါင်း

 


ဒီနေ့တော့ ကြက်ပေါင်လေးတွေ ဝယ်လာပြီး  ကြက်ပေါင်းလေး လုပ်ဖြစ်ပါတယ် ဒီကြက်ပေါင်းလေးက ထမင်းနဲ့လဲ လိုက်ဖက်သလို ကြာဆံဆီချက် ခေါက်ဆွဲဆီချက်လေးတွေ လုပ်စားရင်လဲ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကြက်သားများကို ရေစင်အောင်ဆေးပြီး ပဲငံပြာရည် ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိူင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သား ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး သံဇကာအောက်ခံခုံ အခင်းကို ထည့်ပေးပါ
  • ထိုသံဇကာ အောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ အရိုးထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားကို စပြီးပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ ကြက်ပေါင်းရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှာ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိူင်ပါပြီ။

Wednesday, 6 April 2022

မုံလာဥနီဖျော်ရည်

 


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ကျစေမဲ့ မုံလာဥနီ ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် မာမာကတော့ ခပ်ပျစ်ပျစ်ကြီး သောက်ရမှာ သိပ်မကြိုက်တဲ့အတွက် ခပ်ကျဲကျဲလေး ဖျော်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ - အနေတော် နှစ်ဥ
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. သံပုရာသီး - အနေတော် တစ်ခြမ်း
  4. ချင်းတက် - လက်မဝက်ခန့်
  5. ရေခဲတုန်း - မိမိနှစ်သက်သလောက်
  6. ရေ - ပုံမှန်ဖန်ခွက် တစ်လုံးခွဲစာ
ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ ပိုင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘလင်ဒါထဲမှာ ရေခဲမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ပြီးတာနဲ့ ဖန်ခွက်ထဲထည့်ကာ ရေခဲတုန်းလေးများ မိမိနှစ်သက်သလောက် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။

Friday, 1 April 2022

ကျောက်ကျောဖျော်ရည်


 မာမာ ဒီနေ့တော့ ရာသီဥတုလေးက ပူသယောင်ယောင် ရှိတာနဲ့ ကျောက်ကျော ဖျော်ရည်လေး လုပ်သောက် ဖြစ်ပါတယ်။
ကျောက်ကျော ဖျော်ရည်လေးက ဆီးပူဆီးအောင့် ဝေဒနာတွေကို သက်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ဖျော်သောက်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကျောက်ကျော - 300 g
  2. သကြား - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ ( သကြားကျိုရန်)
  5. သံပုရာသီး - လိုသလောက်
  6. ရေခဲ - လိုသလောက်
  7. ရေ - လိုသလောက် ( ကျောက်ကျောဖျော်ရန်)
သကြားရည်ကျိုရန်
  • အိုးတစ်လုံထဲမှာ သကြား ဆားနှင့် ရေတို့ထည့်ပြီး သကြားများ ပျော်သွားအောင် ကျိုပေးကာ အအေးခံထားပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ကျောက်ကျောတုံးကို မိမိနှစ်သက်တဲ့ အနေအထားလေးတွေ ရလာအောင် လှီးပေးထားပါ
  • သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဖန်ခွက်တစ်ခွက်ထဲမှာ ကျောက်ကျော သကြားရည် ရေနှင့် သံပုရာသီး တစ်စိတ်ကို ညှစ်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ အချို အချဉ်အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ရေခဲတုံးလေးတွေ ထည့်ပေးပြီး ကျောက်ကျော ဖျော်ရည်လေးကို သောက်သုံးနိူင်ပါပြီ။