အခုရက်ထဲ အလုပ်များနေတာနဲ့ blog လေးလဲ ပြစ်ထားသလို ဖြစ်ခဲ့ရပြန်ပါတယ် ဒီနေ့တော့ အလုပ်များတဲ့ ကြားထဲကဘဲ က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးအသားခြစ်ကာ ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ်။
ငါးကို အကြေးခွံထိုး ဗိုက်ခွဲပြီး မလိုတာတွေပေးကာ ငါးအကောင်လိုက်ကို ရေငါးထပ်လောက်နဲ့ စင်နေအောင်ဆေးပြီး အရိုးအသား သပ်သပ်စီလွှာကာ ငါးအသားခြစ်ပေးရတာက အလုပ်နည်းနည်း ရှုပ်ပါတယ်။
ဒါပေမဲ့လဲ ငါးငပိချက်နဲ့ဆိုရင် တစ်ခြားဘာဟင်းမှ မလိုအောင် ထမင်းမြိန်မြိန် စားလို့ရတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ က ကတစ် ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- က ကတစ်ငါး - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
- ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
- ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
- ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
- ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
- ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
- ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ခြစ်ယူပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူ အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
- ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
- ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
- အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
- က ကတစ်ငါး ချင်းခြစ် ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment