မနေ့က ဈေးသွားရင်းက ဝက်လက် ခုတ်ပြီးသားလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ဝက်လက်ပေါင်းလေး လုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်လက်ပေါင်း လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်လက် - တစ်ကီလို
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ချင်း - ခပ်ပါးပါး ငါးပြား
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်မိတ် - အနည်းငယ်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်လက်များထည့်ရန်)
- ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
- ဝက်လက်များကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာထည့်ပြီး ငရုတ်ကောင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ နယ်ပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဝက်လက်ပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်လက်ပေါင်းရန်
- ဒယ်အိုးထဲမှာ သကြားကို ထည့်ပေးပြီး ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
- သကြားများ ညိုရောင်သန်းလာတာနဲ့ ကြက်သွန်မိတ် ချင်း ကြက်သွန်ဖြူနှင့် အရသာ နယ်ထားသော ဝက်လက်များကို ထည့်မွှေပေးပါ
- လေးမိနစ်လောက် မွှေပေးပြီးတာနဲ့ မီးပိတ်ပေးကာ ပန်ကန်းလုံးထဲကို ပြောင်းထည့်ပေးပါ
- ဝက်လက်ပေါင်းမည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
- ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
- ထို ဇကာလေးလေး အပေါ်မှာ သကြားနှင့် လှော်ထားသော ဝက်လက်ပန်းကန်ကို တင်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
- ဝက်လက်ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
- ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်လက်ပန်းကန်ကို အပြင်သို့ ထုတ်ပေးပါ
- ပြီးတာနဲ့ ဝက်လက်ပေါင်း အိအိမွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment