Tuesday 19 March 2024

ဝက်လက် ဆီပြန်ဟင်း

 

မာမာဒီနေ့တော့ ဝက်လက်ခုတ်ပြီးသားလေးတွေ ဝယ်လာပြီး အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ်။ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဝက်လက်အချဉ်ဆီပြန် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်လက် - တစ်ကီလိုခန့်
  2. ကိုင်းခရမ်းချဉ်သီး - လေးလုံး
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ( ဟင်းချက်ရန်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  13. ဆီ - ထမင်းစားဇွန်း ၇ ဇွန်း
ပြင်ဆင်ပုံ

  • ဝက်လက်များကို မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ နနွင်းမှုန့် ဆား  ငါးငံပြာရည် နနွင်းမှုန့် အရသာမှုန့် တို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကိုင်းခရမ်းချဉ်သီးကို ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ လှီးထားသော ခရမ်းချဉ်သီးများကို ကျေသွားတဲ့အထိ ထည့်မွှေပေးပါ
  • ခရးချဉ်သီးများ ကျေသွားတော့မှ နယ်ထားသော ဝက်လက်များကိုထည့်ပြီး အသားများ မာလာတဲ့ထိ ဆီသတ်ပေးပါ
  • အသားများ မာလာပါက ရေမြုပ်အောင်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဝက်လက်မှာ ကပ်နေတဲ့ အသားများက မာတဲ့အတွက် ရေကို ထပ်ထပ်ထည့်ပြီး နူးအိလာတဲ့အထိ တည်ပေးပါ
  • အသားများ နူးအိလာပါက မန်ကျည်းသီးမှည့် အရည်ကို ဝက်လက်များ မြုပ်တဲ့ အထိ ထည့်ပေးကာ ဆက်ပြီးတည်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာတဲ့ အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဝက်လက်ဆီပြန်ဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment