Sunday 24 March 2024

မြင်းခွာရွက်သုပ်

 







ဒီနေ့တော့ ရေနွေးကြမ်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မြင်းခွာရွက်သုပ်လေး သုပ်စားဖြစ်ပါတယ်။ အသားမစားချင်တဲ့ အခါတိုင်း အသီးအရွက်လေးတွေ သုပ်စားရတာကို ပိုပြီးနှစ်ခြိုက်မိလေတော့ မြင်းခွာရွက်သုပ်လေးဘဲ သုပ်လိုက်ပါတော့တယ်။

ဒီမြင်းခွာရွက်က မြန်မာမြင်းခွာရွက်လို ခပ်သေးသေး မဟုတ်ဘဲ အရွက်ကြီးတွေကြီးပေမဲ့ နူးညံ့ပါတယ် ဒါကြောင့်မို့လို့ မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးတာက စားလို့ပိုပြီး မွှေးပါတယ် ဒါကြေင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. သံပုရာသီး - အနေတော် တစ်ခြမ်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  9. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မြင်းခွာရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက်အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အသုပ်ပွဲကို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ စားလို့ကောင်းလွန်းတဲ့ မြင်းခွာရွက်သုပ် မွှေးမွှေးလေး ရပါပြီရှင်။

1 comment:

  1. Thanks for bringing attention to this topic and sharing your valuable insights. Explore our dedicated blog for Aviator game enthusiasts.

    ReplyDelete