Saturday 30 March 2024

ခရမ်းချဉ်သီး မြင်းခွာရွက်သုပ်

 







မာမာ ဒီနေ့တော့ မြင်းခွာရွက်နဲ့ ခရမ်းချဉ်သီးကိုရောပြီး ခရမ်းချဉ်သီး မြင်းခွာရွက်သုပ်လေး သုပ်စားဖြစ်ပါတယ်။ အသားမစားချင်တဲ့ အခါတိုင်း အသီးအရွက်လေးတွေ သုပ်စားရတာကို ပိုပြီးနှစ်ခြိုက်မိလေတော့ မြင်းခွာရွက်သုပ်လေးဘဲ သုပ်လိုက်ပါတော့တယ်။

ဒီမြင်းခွာရွက်က မြန်မာမြင်းခွာရွက်လို ခပ်သေးသေး မဟုတ်ဘဲ အရွက်ကြီးတွေ ကြီးပေမဲ့ နူးညံ့ပါတယ် ဒါကြောင့်မို့လို့ မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးတာက စားလို့ပိုပြီး မွှေးပါတယ် ဒါကြေင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ
  2. အနေတော် ခရမ်းချဉ်သီး - တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. သံပုရာသီး - အနေတော် တစ်ခြမ်းသာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  10. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • မြင်းခွာရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေး‌တွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက်အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အသုပ်ပွဲကို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ စားလို့ကောင်းလွန်းတဲ့ ခရမ်းချဉ်သီး မြင်းခွာရွက်သုပ် မွှေးမွှေးလေး ရပါပြီရှင်။

No comments:

Post a Comment