ဒီနေ့တော့ အေးရှန်းဆိုင်က ဇီးသီးအခြောက်လေးတွေ ဝယ်လာပြီးတော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ထားတဲ့ မရမ်းပြားခြောက်လေးတွေနဲ့ ဇီး မရမ်းယိုလေးထိုး ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ မာမာပြင်ဆင်ပြီး ချိုချဉ်စပ်နေတဲ့ ဇီး မရမ်းယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- တရုတ်ဇီးသီးခြောက် - 300 g
- မရမ်းပြားခြောက် - 300 g
- ထန်းလျှက်ခဲ - 400 g
- ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် လေးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- လေးညှင်း - လေးပွင့်
- သစ်ဂျပိုးခေါက် - နှစ်လက်မခန့် နှစ်ခု
- ဖာလာ - ရှစ်စေ့
- နာနတ်ပွင့် - လေးပွင့်
- ဇီယာစေ့ - လက်ဖက်ရည်ဇွန်း နှစ်စ်ဇွန်း
ပြင်ဆင်ပုံ
- တရုတ်ဇီးသီးခြောက်ကို ရေခြောက်နာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
- မရမ်းပြားခြောက်ကိုလဲ ရေသုံးထပ်လောက်ဆေးကာ ရေမြုပ်အောင်ထည့်ပြီး ခြောက်နာရီလောက် စိမ်ထားပါ
- ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
- ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
- ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
- ထန်းလျှက်ရည်ထဲသို့ ရေစိမ်ထားသော မရမ်းပြားနှင့် ဇီးသီးတို့ကို ထည့်မွှေပေးပါ
- မာမာကတော့ ယိုထိုးတဲ့အခါမှာ ချဉ်ချဉ်လေး စားချင်တာနဲ့ မရမ်းပြား ရေစိမ်ထားတဲ့ အရည်ကို ယိုထိုးတဲ့နေရာမှာ ပြန်သုံးပါတယ်
- ယိုထိုးတဲ့ အိုးထဲကို ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ဇီယာစေ့တို့ကို ဇီးသီးအိုးထဲမှာ ထည့်မွှေပေးပြီး မီးအေးအေးနှင့် မွှေပေးပါ
- ယိုထိုးတဲ့ ဇီးသီးတွေ ကောင်းကောင်း မနူးသေးတဲ့အတွက် မရမ်းပြား ရေစိမ်ထားတဲ့ အရည်ကို ထည့်ပေးကာ မွှေပေးပါ
- ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
- ပြီးတာနဲ့ ဇီး မရမ်းယို ချိုချဉ်စပ်မွှေးလေးကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment