ဒီနေ့တော့ ရာသီစာ မန်ကျည်းသီးစိမ်းလေးတွေကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ပုဇွန်ခြောက်လေးတွေနဲ့ ထောင်းတဲ့အတွက် စားလို့ပိုပြီး ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ဆယ်တောင့်
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် လေးဆယ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- မန်ကျည်းသီးစိမ်းကို အပေါ်ယံ အခွံမှာ ကပ်နေသော အညိုရောင်အမှုန့်များကို ခြစ်ပေးပါ
- ပြီးတာနဲ့ မန်ကျည်းသီးမှ အစေ့နှင့် အကြောများထုတ်၍ ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်ဆုံထဲမှာ မန်ကျည်းသီးစိမ်း ပုဇွန်ခြောက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
- ပြီးတာနဲ့ အချိုမှုန့်နှင့်ဆားတို့ ထည့်ထောင်းပေးပါ
- အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မန်ကျည်းသီးစိမ်းထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
- ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ရန် ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း ချဉ်ငံစပ်လေးကို ရပါပြီ။
No comments:
Post a Comment