မာမာ ဒီနေ့တော့ အဆီနဲ့အသား တစ်ထပ်စီပါတဲ့ ဝက်သားကို မရမ်းသီးခြောက်လေးတွေနဲ့ ချက်ပါတယ် အဆီတစ်ထပ် အသားတစ်ထပ်မို့လို့ အီတာကြောက်တဲ့ သူတွေအတွက် အီကောင်းအီနိူင်ပါတယ်။
ဒါပေမဲ့ မရမ်းပြားရဲ့ အချဉ်ဓါတ်နဲ့ အအီပြေအောင် ချက်မှာဖြစ်တဲ့အတွက် အအီကို ပြေစေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်သား - သုံးထပ်သား 500 g
- မရမ်းသီးခြောက် - ဆယ့်လေးခုခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ပဲငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- နေကြာဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
- အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
- အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား သကြား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
- မရမ်းပြားခြောက်ကို ရေမြုပ်အောင်ထည့်ပြီးတစ်နာရီခန့် စိမ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်နီနှင့်ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်များ မွလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
- ဝက်သားအပေါ်ယံများ မာတင်းလာတဲ့အထိ တည်ပေးပါ
- ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ပေးပါ
- မရမ်းသီး အခြောက်ကို သုံးမှာဖြစ်တဲ့အတွက် ပထမတစ်ရည် စထည့်ထဲက ရေစိမ်ထားတဲ့ မရမ်းခြောက်များကို ထည့်တည်ပေးပါ
- ရေနှင့်မရမ်းခြောက် ထည့်ပြီးတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
- အိုးထဲမှ ရေမခမ်းခင် ဝက်သားနူး မနူး စမ်းကြည့်ပြီး မနူးသေးပါက ရေထပ်ထည့်ကာ ဆက်တည်ပေးပါ
- နောက်ထပ်ထည့်ထားသော ရေမခမ်းခင် အရသာ မြည်းပေးပါ
- အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အိုးကို အဖုံးအုပ်ပြီး ပြန်တည်ထားပါ
- အိုးထဲမှ ရေများခမ်းလာပြီး မရမ်းပြားများလဲနူး ဝက်သားလဲ နူးအိလာလာကာ ဟင်းအိုးဆီပြန်လာရင်တော့ ဝက်သားမရမ်းပြားဟင်းလေး ရပါပြီ။
No comments:
Post a Comment