မာမာဒီနေ့တော့ အိမ်မှာဝယ်ထားတဲ့ ဝက်သားလက်ကျန်လေးကို ကင်မ်ချီနဲ့ ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ် ကင်မ်ချီထဲမှာ ချဉ်ငံစပ် အကုန်ပါပြီးသား ဖြစ်တဲ့အတွက် ဝက်သားရဲ့ အရသာကို ပိုပြီးပေါ်လွင်သလို အအီပြေပြီး ချဉ်ဖြုန့်ဖြုန့်လေးနဲ့ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်သား - 500 g
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- ကင်မ်ချီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
- အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
- အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား သကြား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကင်မ်ချီကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
- ကြက်သွန်များ မွလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
- ဝက်သားအပေါ်ယံများ မာတင်းလာတဲ့အထိ မွှေပေးပါ
- ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ကာ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
- အိုးထဲမှ ရေမခမ်းခင် အသား နူး မနူးကို စမ်းကြည့်ပါ
- အသားမနူးသေးပါက ရေထပ်ထည့်ပြီး ဆက်တည်ပေးပါ
- နောက်ထပ်ထည့်ထားသော ရေမခမ်းသေးခင် ကင်မ်ချီကို ထည့်ပြီး မွှေပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ရေမခမ်းခင် အချိန်လေးမှာ အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အိုးထဲမှ ရေမခမ်းခင် မီးပိတ်ပေးပြီးပါက ချဉ်ဖြုန့်ဖြုန့်လေးနဲ့ စားလို့ကောက်းတဲ့ ဝက်သား ကင်မ်ချီဟင်းလေး ရပါပြီ။
No comments:
Post a Comment