ဒီနေ့တော့ blue crabs လေးတွေ ဝယ်ထားတာ အဆင်သင့် ရှိနေတာနဲ့ တန်ပူရာမှုန့်ကို အရသာစပ်ကာ ဂဏန်းနဲ့လူးကာ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Blue Crabs - အကောင်ကြီးကြီး နှစ်ကောင်
- တန်ပူရာမှုန့် - ထမင်းစားဇွန်း ခြောက်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - လိုသလောက် သုံးပေးပါ
- ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
- ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာနယ်ရန်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း အရသာမှုန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာနယ်ရန်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ အရသာနယ်ရန်
- ဆီ - လိုသလောက် သုံးပေးပါ
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ဆား - အနည်းငယ်
- အရသာမှုန့် - အနည်းငယ်
ဂဏန်းသန့်စင်ပုံ
- ဂဏန်းများကို ရေစင်အောင်ဆေးပြီး ဂဏန်းအပေါ်ခွံကို ခွာပေးပါ
- ဂဏန်းမှ ပါးဟက်များနှင့် အစာအိတ်များကို ဖယ်ပေးပါ
- ပြီးတာနဲ့ ဂဏန်းတစ်ကောင်ကို လေးပိုင်းပိုင်းပေးပြီး ဂဏန်းလက်များကို ဖဲ့ထားပေးပါ
ဂဏန်းကြော်ရန်ပြင်ဆင်ပုံ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဂဏန်းကြော်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် တန်ပူရာမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
- ထိုအမှုန့်များထဲကို ရေနည်းနည်းချင်း ထည့်ပေးကာ မုန့်နှစ်ခပ်ပျစ်ပျစ် အနေအထား ရလာအောင် မွှေပေးပါ
- မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာတာနဲ့ သန့်စင်ထားသော ဂဏန်းများကို မုန့်နှစ်နှင့် လူးပေးပါ
- ဇောက်အနည်းငယ် နက်သော ဒယ်အိုးထဲမှာ ဆီကိုခပ်များများလေးထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ဂဏန်းများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- ဂဏန်းကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
- နှစ်ဖက်လုံး ကျက်သွားအောင် ကြော်ပေးပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- နောက်ထပ် အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ထိုဆီထဲမှာဘဲ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကို ကြွတ်ရွလာအောင် ကြော်ပေးပါ
- ကြော်ပြီးတာနဲ့ ဆီစစ်ထားသော ဂဏန်းကြော် ငရုတ်ကောင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ ပေါ်မှာ ဖြူးပေးပြီး စားသုံးနိူင်ပါပြီ။
No comments:
Post a Comment