Wednesday 10 February 2021

ရှမ်းနံနံနံ့သင်းတဲ့ ဗယာကြော်











ဒီနေ့တော့ မာမာတို့ မြန်မာနိူင်ငံရဲ့ တိုင်းရေးပြည်ရာတွေကလဲ အခြေအနေ သိပ်မကောင်းလေတော့ ဟင်းချက်ဖို့ရာလဲ စိတ်မပါ သတင်းတွေ ထိုင်ကြည့်နေရင်း ကတုန်ကရင်တွေနဲ့ နေလို့တွေလဲ မကောင်းတာတော့ အမှန်ပါဘဲ။

ဒါပေမဲ့လဲ သမီးငယ်လေး သူကျောင်းတက်နေတဲ့ ဆေးရုံကို ပြန်ရတော့မယ် သူဆေးရုံပို မပြန်ခင် ဗယာကြော် စားချင်တယ်ဆိုတာနဲ့ ဗယာကြော်လေးတွေ ကြော်ကျွေးဖြစ်ပါတယ်။

ဗယာကြော်တောင်မှ သူငယ်ငယ်က စားခဲ့ဖူးတဲ့ မှော်ဘီဈေးရှေ့မှာ ကြော်ရောင်းတဲ့ ဗယာကြော်မျိုးလေးတွေ စားချင်ပါတယ်တဲ့ ဒီတော့လဲ ဒီမေမေက အိမ်မှာ မာမာစိုက်ထားတဲ့ ရှမ်းနံနံ အရွက်လေးတွေလဲ နုနေပြီဆိုတော့ ရှမ်းနံနံ အရွက်လေးတွေခူးပြီး ဗယာကြော် မွှေးမွှေးလေး ကြော်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - 200 gm
  3. ရှမ်းနံနံ - ဆယ့်ငါးရွက်ခန့် (ကြိုက်လျှင်ပိုထည့်ပါ)
  4. ကုလားပဲ အကျက်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  5. ရေ - 120 ml
  6. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရ ည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရညိဇွန်း သုံးပုံတစ်ပုံ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းများကို ရေစင်အောင်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၆နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်တာနဲ့ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ကြိတ်စက်ထဲမှာထည့်ပြီး တစ်ခါကြိတ်လိုက် တစ်ခါနားလိုက် ကြိတ်ပေးပါ
  • ပဲများအားလုံးညက်ပြီး အစေ့ဖတ်လေးများ မကျန်တော့ဘဲ ချောမွေ့နေတဲ့အထိ ကြိတ်ပေးပါ
  • မာမာကတော့ မိနစ်ဝက်လောက် တစ်ခါကြိတ်လိုက် တစ်ခါနားလိုက်ကို ၁၈ခါလောက် ကြိတ်ပေးပါတယ်
  • ပဲအကျက်မှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ် ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြိတ်ထားသော ပဲအနှစ်များ ရှမ်းနံနံ ကြက်သွန်နီ ဆိုဒါ အရသာမှုန့် နနွင်းမှုန့်နှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ နာရီဝက်လောက် နှပ်ထားပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဗယာကြော်ကြော်ဖို့ ပဲကို အနည်းငယ်ယူကာ လက်နှင့် လေးငါးချက်လောက် ဆုတ်ပေးပါ
  • ပြီးတော့မှ မီးကိုအနေတော် လျှော့ပေးပြီး ဆီအိုးထဲကို အလုံးလိုက်လေးတွေ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေ န် မကြာမကြာ အထက်အောက် လှန်လှန်ပေးပါ
  • ဗယာကြော် အလုံးလေးတွေ အပြင်ဖက်မှာ ကြွတ်ပြီး မွှေးလာပြီ ဆိုတာနဲ့ ဆယ်ပြီး ဆီစစ်ထားပေးပါ
  • ဆီစစ်သွားတာနဲ့ ကြွတ်ပြီးရှမ်းနံနံ အနံ့လေး မွှေးနေတဲ့ ဗယာကြော် အလုံးလေးတွေကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီရှင်။

No comments:

Post a Comment