Tuesday 2 February 2021

ခရမ်းချဉ်သီးစိမ်း လက်ဖက်သုပ်





ဒီနေ့တော့ ခြံထဲက ခရမ်းချဉ်သီး အစိမ်းလေးတွေခူးပြီး လက်ဖက်အ ကြော်စုံလေးနဲ့ သုပ်ပါတယ် ကိုယ်စိုက်တဲ့အပင်က သီးတဲ့အသီးလေးတွေမို့လို့ လတ်လတ်ဆတ်ဆတ်လေးနဲ့ စားလို့အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ နေ့လည်နေ့ခင်း စကားလေးပြောရင်း ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ချဉ်ငံငံစပ်စပ် ခရမ်းချဉ်သီး အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းချဉ်သီးအစိမ်း - အနေတော် ငါးလုံးခန့်
  2. ပဲခြမ်းကြော် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်ဖြူကြော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. လက်ဖက်အသား - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ကြက်သွန်ဖြူ - စားနိူင်သလောက်
  9. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  11. ပုဇွန်ခြောက် - စားနိူင်သလောက်ပဲ
  12. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အပေါ်ယံ အခွံများခွာပြီး ရေဆေးထားပါ
  • အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • လှီးထားသော ခရမ်းချဉ်သီးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • မြေပဲလှော် နှမ်းလှော် ကြက်သွန်ဖြူကြော် ပဲခြမ်းကြော် လက်ဖက်အသား ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး ခရမ်းချဉ်သီး အစိမ်းသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment