Wednesday 17 February 2021

ပဲရေပွကြော်





 ဒီနေ့တော့ covid ကာလအချိန်တုန်းက ပဲမျိုးစုံ အထုတ်တွေ ဝယ်ထားပြီး မချက်ဖြစ်သေးတဲ့ အထဲက Borlotti Beans ပဲလေးကို ပဲရေပွလေး လုပ်ပါတယ် ဒီပဲရည်ပဲပွလေးကတော့ နေ့လည်နေ့ခင်း အပျင်းပြေ စားလို့ရသလို  ထမင်းပူပူလေးနဲ့ စားရင်လဲ အရမ်းကို စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ကြည့်ရင်တော့ လွယ်လွယ်လေးပါဘဲ တစ်ကယ်တမ်း လုပ်ကြည့်တော့မှ ချိန်ရဆရတာ အနည်းငယ်လေး ခက်ခဲတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပဲရေပွ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ရေ - လိုသလောက်သုံးပေးပါ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပြင်ဆင်ပုံ
  • ပဲကို ရေတစ်ထပ်ဆေးပြီး နာရီဝက်လောက် ရေစိမ်ပေးပါ
  • ရေစိမ်ပြီးတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးအနေတော်နဲ့ အပူပေးပြီး လှော်ပေးပါ
  • လှော်နေစဉ်အကျက်ညီအောင် မွှေမွှေပေးပါ
  • ပဲသားလေးတွေ ပြောင်းတင်းလာပြီ ဆိုရင်တော့ ပြုပ်မည့်အိုးထဲကို ပြောင်းထည့်ပေးပါ
  • ပဲမြုပ်ရုံလောက် ရေထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်တဲ့နေရာမှာ ပဲများ ပျော့အိသွားတဲ့ထိ ပြုပ်စရာ မလိုပါ
  • ရေမခမ်းခင် ပဲသားလေးတွေကို ဖိကြည့်လို့ ခပ်အိအိလေး ဖြစ်သွားပြီ ဆိုရင်တော့ ပဲများကို ဆယ်ပြီးရေစစ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ပဲရေပွ ကြော်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပဲများရေစစ်သွားတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ရွှေဝါရောင် သန်းတယ်ဆိုရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲများကို ထည့်ပေးပြီး မီးကို အနည်းငယ် လျှော့ပေးကာ အဖုံးခန အုပ်ထားပေးပါ
  • အိုးကပ်ပြီး ပဲများမတူးစေရန် မွှေမွှေပေးပြီး ပဲကြော်အိုးထဲသို့ ဆားနှင့် အရသာမှုန့်တို့ ထည့်ပေးပါ
  • မီးအေးအေးနဲ့ ကြော်ပေးရင်း ပဲများကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပဲများအေးသွားပြီ ဆိုတာနဲ့ ပဲရေပွ ကြွတ်ကြွတ်ရွရွလေးကို စားသုံးနိူင်ပါပြီရှင်။

No comments:

Post a Comment