Tuesday 9 February 2021

သာကူ မုန့်ဖက်ထုတ်

















သတင်းတွေနားထောင်ပြီး စိတ်တွေထဲလဲ ဘယောက်ဘယက်နဲ့ ဈေးသွားရမှာလဲ စိတ်မပါလေတော့ အိမ်မှာရှိတာတွေဘဲ မွှေနှောက်ရှာဖွေကာ ငါ့ဝမ်းပူဆာ မနေသာတော့ စားဖို့အတွက် ပြင်ရဆင်ရပြန်ပါတယ်။

ဒီနေ့တော့ သာကူမုန့်ဖက်ထုတ်လေးတွေ ထုတ်စားကြပါတယ် အိအိလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ သာကူမုန့်ဖက်ထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အခု မာမာပြင်ဆင်ထားတဲ့ အချိုးအစားက စေ့မုန့်ဖက်ထုတ် ဆယ်ထုတ်စာ ရပါတယ်။

ပါဝင်ပစ္စည်းများ
  1. သာကူစေ့ - 350 ml
  2. အုန်းယို - ဆယ်လုံး
  3. ငှက်ပျောရွက် - ဆယ်ရွက် (ပိုင်းဖြတ်ပြီးသား)
အုန်းယိုထိုးရန် ပါဝင်ပစ္စည်းများ
  1. သကြားအညို - 150 g (အချိုကြိုက်လျှင် ပိုထည့်ပါ )
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ခြစ်ပြီးသား အုန်းသီးဖတ် - 250 ml
အုန်းယိုထိုးရန် ပြင်ဆင်ပုံ
  • အိုးတစ်လုံးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး သကြားများ ပျော်သွားအောင် ကျိုပေးပါ။
  • သကြားများ အရည်ပျော်ပြီး ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး အရည်အတော်လေး ခမ်းသွားအောင် မကြာခဏ မွှေမွှေပေးပါ။
  •  သကြားအရည်များ ခမ်းစပြုလာတာနဲ့ မီးကိုလျှော့ပေးပြီး ဆက်ကျိုပေးပါ
  • အရည်ခပ်စေးစေးလေး ရလာတာနဲ့ မီးပိတ်ပြီး အအေးခံပေးပါ
  • အုန်းယိုများ အေးသွားတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ယူပြီး အလုံးလေးတွေ ဆယ်လုံးရအောင် လုံးပေးပါ
  • ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့် သိမ်းထားလို့ ရပါတယ်။
မုန့်ဖက်ထုတ် ထုတ်ရန်
  • အိုးယိုထိုးပြီးတာနဲ့ သာကူကို ရေစိုတယ်ဆိုရုံလေး စွတ်ပေးကာ ရေစစ်ထားပါ
  • ငှက်ပျောရွက်များကို ရေစင်အောင်ဆေးပြီး နေအနည်းငယ် လှန်းပေးပါ
  • ငှက်ပျောရွက်များ အနည်းငယ် ပျော့လာတာနဲ့ အနေတော် ဖက်ရွက်လေးတွေ ဖြတ်ယူပေးပါ
  • ငှက်ပျောရွက်များ ဖြတ်ပြီးတာနဲ့ အဝတ်စ သန့်သန့်ဖြင့် တစ်ထပ်သုတ်ပေးပါ
  • ပြီးတာနဲ့ သာကူများ ကျက်လာလျှင် မကပ်အောင် ငှက်ပျောရွက်ကို ဆီဖြင့် သုတ်ပေးပါ
  • ဆီသုတ်ထားသော ဖက်ရဲ့မျက်နှာစာကို အတွင်းဖက်မှာထားကာ ကန်တော့ချွန်ပုံစံ ထိုးပေးပါ
  • ပြီးတာနဲ့ ကန်တော့ချွန် အထဲကို သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်ပေးပါ
  • သာကူအထဲကို အုန်းယိုလုံးကို အနည်းငယ် ဖိထည့်ပါ
  • အုန်းယိုအပေါ်မှာ သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထပ်ထည့်ပေးပါ
  • ပြီးတာနဲ့ အနားစကို သိမ်းပြီးခေါက်ကာ ထွက်နေသော အစပိုများကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ပြီးလျှင် အပေါ်အနားစွန်းကို ဒုတ်တံလေးနှင့် ထိုးပေးကာ ပိတ်ပေးပြီး စားပွဲပေါ်ပါမှာ မှောက်ရက်တင်ထားပါ
  • ကန်တော့ချွန်ပုံစံ မထုတ်တတ်ပါက မိမိအဆင်ပြေသလို ထုတ်ပေးပါ
  • အားလုံးထုပ်ပြီးလျှင် ပေါင်းမည့်အိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး မီးရှိန်ပြင်းပြင်းနှင့် မိနစ် ၄၀ ခန့် ပေါင်းပေးပါ
  • မိမိအသုံးပြုသည့် သာကူအမျိုးအစားပေါ် မူတည်ပြီး ပေါင်းသည့်အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ပေါင်းချိန် ပြည့်သွားတာနဲ့ မီးဖိုကို မီးပိတ်ပေးကာ လက်ကျန်အပူရှိန်နဲ့ အိုးထဲမွာ ၁၅ မိနစ်ခန့် နှပ်ထားပေးပါ
  • ပြီးတာနဲ့ သာကူမုန့်ဖက်ထုတ် ပူပူနွေးနွေးလေးကို သုံးဆောင်နိူင်ပါပြီ 
  • သာကူမုန့်ဖက်ထုတ်က အေးလျှင်မာသွားတတ်တဲ့အတွက် ပူတုန်းလေးမှာ သုံးဆောင်ဖို့ ပြင်ဆင်ပေးပါ။

No comments:

Post a Comment