သမီးငယ်လေး ကျောင်းကို မပြန်ခင် သူစားချင်တာလေးတွေ လုပ်ပေးဖြစ်တဲ့ အထဲက အရင်ရက်က ဖာလူဒါ လုပ်ဖြစ်ပါတယ် ပြင်ရဆင်ရတာ အမယ်တွေ များလွန်းလို့ အနည်းငယ် ပင်ပန်းတယ်လို့ ထင်ရပေမဲ့ သောက်လို့ကောင်းလိုက်တာ မေမေရယ် မြန်မာပြည်ကိုတောင် လွမ်းသွားတယ်ဆိုတဲ့ စကားလေးနဲ့တင် အမောတွေ ပြေသွားခဲ့ရပါတယ်။
ဒါကြောင့်မို့လို့ ဒီလိုပီတိမျိုး လိုချင်တယ် ဆိုရင်တော့ သားသားမီးမီးလေးတွေကို လုပ်ပေးနိူင်အောင် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖာလူဒါ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ကျောက်ကျောကျိုရန် ပါဝင်ပစ္စည်းများ
- ကျောက်ကျောမှုန့် - 40 g
 - သကြား - ထမင်းစားဇွန်း လေးဇွန်း
 - ရေ - 500 ml
 - food color အစိမ်းရောင် - နှစ်စက်ခန့် (မိမိနှစ်သက်ရာ အရောင်ကို သုံးပေးပါ)
 - foid color အမည်းရောင် - နှစ်စက်ခန့် ( မိမိနှစ်သပ်ရာ အရောင်ကို သုံးပေးပါ)
 - ကျောက်ကျောထည့်ရန်ဗူး - နှစ်ဗူး 
 
ကျောက်ကျောကျိုရန် ပြင်ဆင်ပုံ
- ကျောက်ကျော ကျိုပြီးသားထည့်ရန် ဗူးလေးတွေကို အဆင်သင့် ပြင်ထားပါ
 - ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ သကြား ထမင်းစားဇွန်း နှစ်ဇွန်း ရေ 250 mlနှင့်food color အစိမ်းရောင်တို့ ထည့်ပေးပြီး ရောမွှေပေးပါ
 - ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအနေတော်လောက်နှင့် ရေပွက်ပွက်ဆူအောင် ကျိုပေးပါ
 - ရေနွေးပွက်ပွက် ဆူလာတာနဲ့ ကျောက်ကျောမှုန့် 20gကို ထည့်ပြီး မွှေပေးပါ
 - ကျောက်ကျော ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
 - တော်တော်လေး ပျစ်လာတာနဲ့ အဆင်သင့် ပြင်ထားသော ဗူးထဲကို လောင်းထည့်ပြီး အအေးခံထားပါ
 - ကျောက်ကျောအမည်းရောင်ကိုလဲ အထက်ပါ နည်းအတိုင်း ကျိုထားပေးပြီး အအေးခံထားပါ
 - ကျောက်ကျောများ အေးသွားပါက မိမိနှစ်သက်ရာ ပုံစံလေးတွေ လှီးထားပါ
 
သာကူကျိုရန်
- သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
 - ရေ - 1000 ml (သာကူစေ့ နှစ်မျိုးကျိုရန်)
 - Food color ပန်းရောင် - နှစ်စက်ခန့်
 - Food color အစိမ်းရောင် - နှစ်စက်ခန့်
 
သာကူကျိုရန် ပြင်ဆင်ပုံ
- ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ 500 mlထည့်ပြီး မီးဖိုပေါ်တင်ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
 - ရေဆူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီး သာကူစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူးကို ထည့်ပေးပါ
 - ပြီးတာနဲ့ food color ပန်းရောင်ကို ထည့်ပြီး မွှေပေးကာ သာကူစေ့ မျက်ဆံလေးများ ပျောက်တဲ့အထိ ကျိုပေးပါ
 - သာကူမျက်ဆံလေးတွေ ပျောက်လာတာနဲ့ ဇကာစိတ်စိတ်လေးထဲ သွန်ချပေးကာ ရေနှင့်ဆေးပေပြီး ရေစစ်ပေးထားပါ
 - နောက်ထပ် သာကူအစိမ်းရောင်ကိုလဲ အထက်ပါနည်းအတိုင်း ကျိုပေးကာ ရေဆေးပြီး ရေစစ်ထားပါ
 - သာကူစေ့များ ရေစစ်သွားတာနဲ့ ဗူးလေးတွေထဲ ထည့်ပေးကာ  ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။
 
ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ
- ကြက်ဥ - ခြောက်လုံး
 - သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
 - ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
 - ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
 - ဗနီလာ အနံ့ - နှစ်စက်ခန့်
 - နွားနို့ - 350 ml
 - ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
 
ပူတင်းလုပ်ရန် ပြင်ဆင်ပုံ
- ဗလင်ဒါထဲမှာ ကြက်ဥ သကြား ဆား ဂျုံမှုန့် ဗနီလာအနံ့နှင့် နွားနို့တို့ထည့်ပြီး အားလုံးသမသွားအောင် နှစ်မိနစ်ခွဲခန့် ကြိတ်ပေးပါ
 - ဗလင်ဒါ မရှိပါက မွှေတံ သို့မဟုတ် ဇွန်းခရင်းဖြင့် ခလောက်ပြီး အားလုံးကျေညက်သွားအောင် ခလောက်ပေးပြီး ဇကာစိတ်စိန်လေးနှင့် စစ်ပေးပါ
 - ဗလင်ဒါနှင့် ကြိတ်ပေး ပြီးတာနဲ့ ဇကာခပ်စိတ်စိတ်လေးခံကာ ဇလုံတစ်လုံးထဲကို သွန်ချပေးပြီး အဖတ်ပါများ မပါအောင် စစ်ပေးပါ
 - ပြီးတာနဲ့ ထိုဇလုံကို glad wrap နှင့် လုံအောင် ပိတ်ပေးကာ ထိုအပေါ်မှ ဒုတ်ချွန်လေးနှင့် လေးငါးပေါက် လိုက်ဖောက်ပေးပါ
 - ပြီးတာနဲ့  ဇောက်နက်သော အိုးတစ်လုံကို အောက်ခံအိုးလုပ်ကာ အောက်ခံအိုးထဲကို ရေတစ်ထဝက်ည့်ပြီး မရှိတစ်ရှိထည့်ပြီး ရေထဲမှာ ခုံလေးတစ်ခု ခံပေးပါ
 - ပြီးတာနဲ့ ကြက်ဥပန်းကန်ကိုထည့်ကာ အဖုံးအုပ်ပြီး steam ခလုတ်ကို နှိပ်ပေးပါ
 - ပြီးတာနဲ့ ဆယ်မိနစ် အချိန်ကို နှိပ်ပေးကာ ပေါင်းပေးပါ
 - ပေါင်းထားတဲ့ အချိန်ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီး ပူတင်းပန်းကန်ကို ထုတ်ပေးပါ
 - မာမာ ပေါင်းတဲ့ ပေါင်းအိုးမျိုးနှင့် မပေါင်းဘဲ ရိုးရိုးအိုးထဲမှာ ရေနွေးခံပြီး ပေါင်းရင်လဲ အထက်ပါနည်းအတိုင်း ပြင်ဆင်ပြီး ဆယ့်ငါးမိနစ် ပေါင်းပေးရင် ရပါတယ်
 - ပူတင်းကျက်တာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ကို အပြင်သို့ထုတ်ကာ အေအေးခံပေးပါ
 - အေးသွားတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
 
နွားနို့ကျိုရန်
- နွားနို့ နှစ်လီတာကို ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် ကျိုပေးပါ
 - နွားနို့ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ သတိထားပြီး မွှေပေးပါ
 - နွားနို့ လီတာဝက်လောက် ခမ်းသွားပါက မီးပိတ်ပေးပြီး အေအးခံထားကာ အေးသွားတာနဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ 
 
နှင်းဆီရနံ့ သကြားရည်ကျိုရန် ပါဝင်ပစ္စည်းများ
- သကြား - 400 g
 - နှင်းဆီရေ - ထမင်းစားဇွန်း သုံဇွန်း
 - ရေ - 250 ml
 - food color ပန်းရောင် - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
 
သကြားရည်ကျိုရန် ပြင်ဆင်ပုံ
- ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ သကြား food colorနှင့် နှင်းဆီအနံ့တို့ထည့်ပြီး သကြားပျော်အောင် ကျိုပေးပါ
 - သကြားအရည် ပျော်သွားတာနဲ့ အအေးခံပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
 
မုန့်လက်ဆောင်းဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - 150 g
 - ရေ -  400 ml
 - ကော်မှုန့် - 35 g
 - ထုံးရည်ကြည် -  100 ml
 - ဆွမ်းမွှေးအရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
 - foid color အစိမ်းရောင် - နှစ်စက်ခန့်
 - မုန့်ဖတ်ညှစ်မည့်မိုလ် - တစ်ခု
 - ရေ - လိုသလောက် သုံးပေးပါ
 - ရေခဲတုံးလေးများ - လိုသလောက် သုံးပေးပါ
 
မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန် ပြင်ဆင်ပုံ
- ဇောက်နက်ပြီး အောက်ချေမကပ်သော အိုးထဲမှာ ဆွမ်းမွှေးရည် food color  ဆန်မှုန့် ကော်မှုန့် ထုံးရည်ကြည်နှင့် ရေတို့ထည့်ပေးပါ
 - ပြီးတာနဲ့ အမှုန့်များ ပျော်သွားအောင် မွှေတံဖြင့်မွှေပေးပါ
 - အားလုံးအရည်ပျော်ပြီး အရောင်များ သမသွားတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ကျိုပေးပါ
 - အရည်များ ပျစ်လာပြီး ကြည်လဲ့လဲ့ အရောင်လေး သန်းလာတာနဲ့ မီးပိတ်ပေးပါ
 - ဇလုံတစ်လုံးထဲမှာ ရေခဲနှင့် ရေတို့ကို ထည့်ထားပါ
 - အဆင်သင့် ဖြစ်တာနဲ့ မိုလ်ထဲကို ကျိုထားသော ဆန်နှစ်များ ထည့်ပေးပါ
 - ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံလေးတွေ ရလာအောင် ညှစ်ချပေးပါ
 - မုန့်နှစ်အားလုံး ကုန်အောင် ညှစ်ချပြီးတာနဲ့ ရေစစ်ပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပေးပါ
 
ဖာလူဒါ ပြင်ဆင်ပုံ
- မိမိနှစ်သက်ရာ ဖန်ခွက်ကို ပြင်ပေးပါ
 - ရေခဲမုန့်ကိုတော့ လုပ်ပြီးသား တစ်ဗူးဝယ်ပြီး အဆင်သင့် ပြင်ထားပါ
 - ရေခဲမုန့် ကျောက်ကျော သာကူစေ့ ပူတင်း မုန့်လက်ဆောင်းဖတ် နွားနို့နှင့် နှင်းဆီရနံ့ သကြားရည်တို့ကို အဆင်သင့် ပြင်ထားပါ
 - ပြီးတာနဲ့ ဖန်ခွက်ထဲကို ကျောက်ကျော မုန့်လက်ဆောင်းဖတ် သာကူစေ့နှင့် ပူတင်းတို့ကို ထည့်ပေးပါ
 - ထည့်ထားသော ပါ၀င်ပစ္စည်းများ အပေါ်မှ နွားနို့ အနည်းငယ် နှင်းဆီရနံ့သကြားရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ တို့ ထည့်ပေးပါ
 - ပြီးတော့မှ အပေါ်ဆုံးမှာ ရေခဲမုန့်ကို တင်ပေးပြီး ဖာလူဒါ မုန့်ပွဲကို  ပြင်ပေးပါ 
 - အားလုံးထည့်ပြီးလို့ အဆင်သင့် ဖြစ်တာနဲ့ ဖာလူဒါ ချိုချိုမွှေးမွှေး စားပွဲလေးကို သုံးဆောင်နိူင်ပါပြီရှင်။