Tuesday 9 April 2013

ပင်လယ်စာ ကြာဇံသုပ်







မာမာတို့သားအမိနှစ်ယောက် ဈေးလဲမသွားဖြစ်လို့ ရေခဲသတ္တာထဲမှာ ရှိတာလေးတွေကို ဟင်းဖြစ်အောင်လို့ တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်စားနေကြပါတယ် ကျန်နေသေးတဲ့ ပင်လယ်စာလေးတွေကို ဒီနေ့တော့ သံပုရာသီးလေးနဲ့ အသုပ်စုံလေး သုပ်စားကြပါတယ် သိပ်ကတိကထ မများတဲ့ အသုပ်လေးဖြစ်ပြီး စားရတာလဲ တော်တော်လေး ကောင်းပါတယ်။

တစ်ခါတစ်ရံ အသုပ်လေးသုပ်ပြီး ထမင်းပူပူလေးနဲ့ စားရတာလဲ တော်တော်ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုတိထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာ အစုံ - 200 g
  2. ဆန်ကြာဆန်အခြောက် - 50 g
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  6. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  7. ဆီ - လိုသလောက်
  8. အရသာမှုန့် - လိုသလောက်
  9. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  10. ငါးငံပြာရည် - လိုသလောက်
  11. နံနံပင် - လိုသလောက်
  12. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  13. ကြက်သွန်ဖြူ  - အမွှာကြီးကြီး (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  14. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  16. ဂေါ်ဖီ - အနည်းငယ်
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • သံပုရာသီး
  • နံနံပင်
ကြာဇံပြုပ်ရန်
  • ဆန်ကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပင်လယ်စာအစုံကို ရေနွေးဆူဆူထဲမှာ သုံးမိနစ်ခန့် ပြုပ်ပြီး ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို အခွံခွာပြီး အမွှာလေးတွေ ခွာထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆန်ြကာဇံ တစ်ပွဲစာနှင့် ပင်လယ်စာ လက်တစ်ဆုတ်စာတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ပင်လယ်စာ ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

4 comments:

  1. အစ်မ.. အခုတစ်လော ပင်လယ်စာတွေ ဓာတ်ကျနေတယ်နော်..
    ကျန်းမာရေးနဲ့ ညီညွတ်တယ် အစ်မရေ..
    အသုတ်ကလေး မြင်တာနဲ့ သွားရေက ပြည့်လာတယ်.. ^_^

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ညီမလေးရယ် ဘာချက်ရမလဲတွေးလိုက်တိုင်း
      လက်က အဲဒီ ပင်လယ်စာစီဘဲရောက်ရောက်သွားလို့လေ...

      Delete
  2. စားချင်စရာလေး...ညီမတော့ စာအုပ်ထဲကူးရေးထားလိုက်ပြီ..လုပ်စားကြည့်ဦးမယ်..Thanks for sharing with us. :)

    ReplyDelete
    Replies
    1. လုပ်စားကြည့်နော် စားလို့ကောင်းတယ်။

      Delete