Sunday 28 April 2013

ပုဇွန်လုံး ချိုချဉ်ကြော်

ပုဇွန်လုံးချိုချဉ်

ပုဇွန်လုံးချိုချဉ်ဟင်းလေးပါ ထမင်းမိန်စေတဲ့ဟင်းလေးဆိုလဲ မမှားပါဘူး သမုဒ္ဒရာ ဝမ်းတထွာအတွက် နေ့စဉ်ချက်ရတဲ့ ဟင်းလေးတွေမို့ စားမိန်အောင် ရှာကြံချက်ရတဲ့ ဟင်းလေးတွေဆိုပါတော့။

အသားချည်း မစားတဲ့ကလေးအတွက် အသီးအရွက်လေးတွေလဲပါအောင် တစ်ချက်ခုတ်နှစ်ချက်ပြတ် ချက်လိုက်တဲ့ ဟင်းလေးဆိုလေး မမှားဘူးပါဘူး။

ပုဇွန်နံ့ပျောက်အောင် မာမာ ငရုတ်ကောင်းမှုန့်လေးထဲ့ပြီး နယ်ပေးထားပါတယ် တစ်ချို့ကရေငံပုဇွန်နံ့ကို မကြိုက်ကြပါဘူး မာမာကိုယ်တိုင်လဲ ရေငံပုဇွန်ရဲ့အနံ့ကိုမကြိုက်ပါဘူး ရေချိုပုဇွန်လို မဟုတ်တဲ့အတွက် သူ့အနံ့ကိုပျောက်အောင်လုပ်ပြီးမှ ချက်တာကိုစားလို့ရပါတယ်။
ချက်နည်းလေး မျှဝေပေးပါမယ်
  • ပုဇွန်လုံးအရသာနယ်ရန်
  1. အခွံခွာပြီးကြောမှခွဲကာအမဲကြောင်းထုတ်၍နုတ်နုတ်စင်းထားသောပုဇွန် - 200 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမရှိတရှိ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  6. ကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ (အားလုံးရောနယ်ပြီးကြော်ပေးပါမယ်)
  7. ဆီ - လက်ဖက်ရည်ပန်းကန် တလုံး
  • လိုအပ်သောအသီးအရွက်
  1. ပန်းပွင့်ပုံလှီးထားသောမုံလာဥနီ - တဥ
  2. ခပ်ကြမ်းကြမ်းလှီးထားသောဂေါ်ဘီ - နှစ်ဖတ်
  3. ခပ်ကြမ်းကြမ်းလှီးထားသောမုန့်ညှင်းဖြူ - နှစ်ရွက်
  4. အနေတော်လှီးထားသောပဲတောင့်ရှည် - ငါးတောင့်
  5. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ  - သုံးမွှာ
  • ကြော်ရန်
  1. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  2. ငံပြာရည် အကြည် - ထမင်းစားဇွန်း တဇွန်းခွဲ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  4. Sweet&sour အနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း (ခရမ်းချဉ်သီး ဆော့ထဲ့ရင်လဲရပါတယ်)


ပုဇွန်လုံအရသာနယ်ရန်ပြင်ပြီးပါက
  1. အားလုံးကိုရောပြီးနယ်ပေးပါ
  2. အနေတော်အလုံးလေးများလုံးပေးပါ


ပုဇွန်လုံးလေးများ လုံးပြီးပါက
  1. မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ နှစ်ဖက်လုံးရွှေဝါရောင်သန်းလာအောင်ကြော်ပေးပါ
  2. ကျက်သွားပါက ဆယ်ပြီးဆီစစ်ပေးထားပါ

အသီးအရွက်များကို ရေစင်အောင်ဆေးပြီးအနေတော်လှီးဖြတ်ပေးထားပါ


ကြော်ရန်ပြင်ပါမယ်


စပြီးကြော်ပါတော့မယ်
  1. မီးအနေတော်နှင့် ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို မွှေးလာတဲ့ထိကြော်ပေးပါ
  2. ကြက်သွန်ဖြူမွှေးလာပါက အသီးအရွက်များထဲ့ပြီး မိနစ်ဝက်လောက်ဘဲကြော်ပေးပါ
  3. ပြီးလျှင်ချိုချဉ်အနှစ်ရည် ငံပြာရည်နှင့်ဟင်းခတ်မှုန့်ထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  4. နောက်ဆုံးမှ ပုဇွန်လုံးကိုထဲ့ပြီး တမိနစ်လောက် ကြော်ပေးပြီးရင်ရပါပြီ

ပုဇွန်လုံး ချိုချဉ်ကြော်လေးရပါပြီ

4 comments:

  1. နွေရာသီရောက်လို့ အားတာနဲ့ အစ်မဟင်းတွေ ကြည့်ပြီး တစ်ခုပြီး တစ်ခု ချက်တော့မယ် အစ်မရေ ..
    အခုတော့ မျက်စိလေးနဲ့ဘဲ ကြည့်ပြီး သွားရေကျ နေရပါတယ် .. ^_^

    ReplyDelete
    Replies
    1. အားတဲ့ရက် ဟင်းတွေချက်ရင်ဧည့်သည်လာလုပ်မယ်လေ..

      Delete
  2. ပုဇွန်လုံး ချိုချဉ်ကြော် အားပေးသွားတယ် မာမာရေ...
    လွတ်သွားတာလေးတွေ မွှေသွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါတီတင့်ရေ

      လေးစားခင်မင်လျှက်
      မာမာ

      Delete