Sunday, 7 August 2022

မန်ကျည်းရွက်ပေါင်းထောင်း

 






ဝါတွင်းကာလ သတ်သတ်လွတ် စားဖွယ်ရာလေးတွေ စားရလေအောင် ဒီနေ့တော့ မန်ကျည်းရွက် ပေါင်းပြီးသားလေးကို ထောင်းဖြစ်ပါတယ်။
မန်ကျည်းရွက် နုနုလေးတွေ မရှိတဲ့အတွက် ready made ပေါင်းပြီးသား မန်ကျည်းရွက်နဲ့ဘဲ ထောင်းထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မန်ကျည်းရွက်ပေါင်းပြီးသား - 450 g
  2. မြေပဲလှော် - ထမင်းစားဇွန်း သုံးဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ကိုးမွှာ
  6. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  7. ပဲဆီ - လိုသလောက် ဆမ်းပေးပါ
ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ပေါင်းကို ပုလင်းထဲမှ ထုတ်ပြီး ရေစစ်ကာ အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ မန်ကျည်းရွက်ပေါင်း ဆား အရသာမှုန့် ငရုတ်သီးစိမ်းနှင့် မြေပဲလှော်တို့ကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပေးပါ
  • ထောင်းထားတာတွေ ညက်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးကာ ပဲဆီမွှေးမွှေးလေး ဆမ်းပေးပြီး သုံးဆောင်နိူင်ပါပြီ။

Saturday, 6 August 2022

ပုဇွန်ကျား အချိုကြော်

 



ဒီနေ့တော့ ပုဇွန်အချိုကြော်လေး ကြော်ပါတယ် ရေငံပုဇွန်တို့ရဲ့ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲ ပိုပြင်းပါတယ် အဲဒီအနံ့ကို ပျောက်အောင်လို့ ပုဇွန်ထုတ်ကို သံပုရာရည်နဲ့ အရင်ဆုံး နယ်ပြီးဆေးရသလို ကြော်တဲ့အခါမှာလဲ  ငါးငံပြာရည်နဲ့ ကြက်သွန်ဖြူကူမှ ပုဇွန်ရဲ့ အညှီနံ့ ကင်းပါတယ်။

မကြော်ခင်မှာ ပုဇွန်ကို အခွံခွာ ပြီးတာနဲ့ သုံရာရည်နဲ့ အရင်ဆုံး နယ်ပေးပြီးမှ ကြောခွဲပြီး အမဲကြောင်းထုတ်ကာ သန့်ရှင်းအောင် အရင်ဆုံးလုပ်ပေးရပါတယ်။

ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပုဇွန်ကျား ပုဇွန်ထုတ် ကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး နှစ်ကောင်
  2. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း (ပုဇွန်အညှီဓါတ်ပျောက်အောင်ဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို ရေဆေးပြီး မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • ပြီးတာနဲ့ သံပုရာရည်နှင့် နယ်ပေးကာ ငါးမိနစ်လောက် နှပ်ထားပြီးမှ ရေဆေးပေးပါ
  • သန့်စင်ထားသော ပုဇွန်ကို နနွင်း အရသာမှုန့် ငါးငံပြာရည်တို့နဲ့နယ်ပြီး အရသာ၀င်အောင် ငါးမိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ပျော့သွားတာနဲ့  ပုဇွန်အရသာနယ်ကို ၄မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပုဇွန်ထုတ်က အကောင်ကြီးတဲ့အတွက် အသားထဲအထိ ကျက်စေရန် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပုဇွန်အချိုကြော် ကျက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Friday, 5 August 2022

ဝက်နားရွက်သုပ် (ဒုတိယနည်း)

 




ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အရင်ရက်က ဝက်နားရွက်ကို အစိမ့်သုပ်တဲ့ အသုပ် သုပ်နည်း တစ်နည်းကို တင်ပေးထားပါတယ်။

ဒီနေ့ကတော့ အရမ်းစပ်ပြီး စားလို့ပိုကောင်းကာ အရသာ ပြည့်စုံလွန်းတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို အရမ်းသပ်တဲ့ ငရုတ်ဆီနဲ့ သုပ်ထားပါတယ်။

စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်နားရွက် - 
  2. ဗီနီကာ - 
  3. ဆား  - 
  4.  ချင်း - 


ဝက်နားရွက်ပြုပ်ပုံ

  • ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
  • ဝက်နားရွက်များ နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်နားရွက်
  2. အရသာမှုန့်
  3. ငါးငံပြာရည်
  4. ငရုတ်ဆီ
  5. ဂေါ်ဖီ
  6. ကြက်သွန်နီ 
  7. ကြက်သွန်ဖြူ 
  8. ခရမ်းချဥ်သီး
  9. သခွားသီး 
  10. နံနံပင်
  11. သံပုရာသီး
  12. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်ဆီ အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ငရုတ်ဆီ ဂေါ်ဖီ ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး ခရမ်းချဉ်သီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်ခေါင်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 4 August 2022

ဝက်သား ပုန်းရည်ကြီးဟင်း

 


မာမာ ဒီနေ့တော့ ဝက်သားနဲ့ ပုန်းရည်ကြီးကို ချက်ဖြစ်ပါတယ် ပုန်းရည်ကြီး အရသာ ချဉ်ဖြုံ့ဖြုံ့လေးရယ် အနံ့မွှေးမွှေးလေးရယ်ကြောင့် အင်မတန်မှ စားလို့ကောင်းတဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - 500 g
  2. ပုန်းရည်ကြီး - ထမင်းစားဇွန်း ငါးဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန် နှစ်လုံးစာ (ပုန်းရည်ကြီးဖျော်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ -  အနေတော် သုံးလုံး
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ဝက်သားကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ပြီးတာနဲ့ ဆား သကြားနှင့် အရသာမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ပုန်းရည်ကြီးကို ရေနှင့်ဖျော်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးကာ ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားထည့်ပြီးတာနဲ့ ဟိုဘက်ဒီဘက် လှန်ပေးကာ အသားများ မာတင်းလာတဲ့အထိ လှန်ပေးပါ
  • အသားများ တင်းလာပါက ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ဟင်းအိုးထဲမှ ရေမခမ်းခင် အသား နူး မနူး စမ်းကြည့်ပါ 
  • အသား မနူးသေးပါက ရေထပ်ထည့်ပြီး ဆက်တည်ပေးပါ
  • အသား နူးလာပါက အရည်ဖျော်ထားသော ပုန်းရည်ကြီးနှင့် ကြက်သွန်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဟင်းအနှစ်လဲ တော်တော်လေး ပြစ်လာပြီး ဝက်သားများလဲ နူးအိလာပြီ ဆိုရင်တော့ ဝက်သားပုန်းရည်ကြီးဟင်းကို စားသုံးလို့ ရပါပြီ။

Wednesday, 3 August 2022

ဝက်သား ကင်မ်ချီဟင်း



မာမာဒီနေ့တော့ အိမ်မှာဝယ်ထားတဲ့ ဝက်သားလက်ကျန်လေးကို ကင်မ်ချီနဲ့ ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ် ကင်မ်ချီထဲမှာ ချဉ်ငံစပ် အကုန်ပါပြီးသား ဖြစ်တဲ့အတွက် ဝက်သားရဲ့ အရသာကို ပိုပြီးပေါ်လွင်သလို အအီပြေပြီး ချဉ်ဖြုန့်ဖြုန့်လေးနဲ့ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကင်မ်ချီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  8. ကြက်သွန်နီ - အနေတော် နှစ်လုံး
  9. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
  • အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား သကြား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကင်မ်ချီကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ မွလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားအပေါ်ယံများ မာတင်းလာတဲ့အထိ မွှေပေးပါ
  • ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ကာ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေမခမ်းခင် အသား နူး မနူးကို စမ်းကြည့်ပါ
  • အသားမနူးသေးပါက ရေထပ်ထည့်ပြီး ဆက်တည်ပေးပါ
  • နောက်ထပ်ထည့်ထားသော ရေမခမ်းသေးခင် ကင်မ်ချီကို ထည့်ပြီး မွှေပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေမခမ်းခင် အချိန်လေးမှာ အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အိုးထဲမှ ရေမခမ်းခင် မီးပိတ်ပေးပြီးပါက ချဉ်ဖြုန့်ဖြုန့်လေးနဲ့ စားလို့ကောက်းတဲ့ ဝက်သား ကင်မ်ချီဟင်းလေး ရပါပြီ။

Tuesday, 2 August 2022

ဝက်သား မရမ်းသီးဟင်း

 



မာမာ ဒီနေ့တော့ အဆီနဲ့အသား တစ်ထပ်စီပါတဲ့ ဝက်သားကို မရမ်းသီးခြောက်လေးတွေနဲ့ ချက်ပါတယ် အဆီတစ်ထပ် အသားတစ်ထပ်မို့လို့ အီတာကြောက်တဲ့ သူတွေအတွက် အီကောင်းအီနိူင်ပါတယ်။

ဒါပေမဲ့ မရမ်းပြားရဲ့ အချဉ်ဓါတ်နဲ့ အအီပြေအောင် ချက်မှာဖြစ်တဲ့အတွက် အအီကို ပြေစေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - သုံးထပ်သား 500 g
  2. မရမ်းသီးခြောက် - ဆယ့်လေးခုခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  8. ကြက်သွန်နီ - အနေတော် နှစ်လုံး
  9. ပဲငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. နေကြာဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
  • အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား သကြား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • မရမ်းပြားခြောက်ကို ရေမြုပ်အောင်ထည့်ပြီးတစ်နာရီခန့် စိမ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်နီနှင့်ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ မွလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားအပေါ်ယံများ မာတင်းလာတဲ့အထိ တည်ပေးပါ 
  • ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ပေးပါ
  • မရမ်းသီး အခြောက်ကို သုံးမှာဖြစ်တဲ့အတွက် ပထမတစ်ရည် စထည့်ထဲက ရေစိမ်ထားတဲ့ မရမ်းခြောက်များကို ထည့်တည်ပေးပါ
  • ရေနှင့်မရမ်းခြောက် ထည့်ပြီးတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေမခမ်းခင် ဝက်သားနူး မနူး စမ်းကြည့်ပြီး မနူးသေးပါက ရေထပ်ထည့်ကာ  ဆက်တည်ပေးပါ
  • နောက်ထပ်ထည့်ထားသော ရေမခမ်းခင် အရသာ မြည်းပေးပါ
  • အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အိုးကို အဖုံးအုပ်ပြီး ပြန်တည်ထားပါ
  • အိုးထဲမှ ရေများခမ်းလာပြီး မရမ်းပြားများလဲနူး ဝက်သားလဲ နူးအိလာလာကာ ဟင်းအိုးဆီပြန်လာရင်တော့ ဝက်သားမရမ်းပြားဟင်းလေး ရပါပြီ။

Monday, 1 August 2022

ဝက်နားရွက်သုပ် (ပထမနည်း)

 








ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်နားရွက် - နှစ်ခု
  2. ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4.  ချင်းတက် - လက်တစ်ဆစ်ခန့် 

ဝက်နားရွက်ပြုပ်ပုံ

  • ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထုထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ထုထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
  • မိနစ်နှစ်ဆယ်လောက် ပြုပ်ပေးပါက ဝက်နားရွက်များ နူးလာတာနဲ့ ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်နားရွက်
  2. အရသာမှုန့်
  3. ငါးငံပြာရည်
  4. ဂေါ်ဖီ
  5. ကြက်သွန်နီ 
  6. ကြက်သွန်ဖြူ 
  7. ခရမ်းချဥ်သီး
  8. သခွားသီး 
  9. နံနံပင်
  10. သံပုရာသီး
  11. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
  • အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ဂေါ်ဖီ ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး ခရမ်းချဉ်သီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို သင့်သလို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ ချဉ်ငံစပ် ဝက်ခေါင်းသုပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။