Thursday, 24 March 2022

ကြက်ဥကြော်






မာမာဒီနေ့တော့ ကြက်ဥနဲ့ အသီးအရွက် လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - နှစ်လုံး
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ‌‌‌ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. အကြော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်မိတ် - သုံးပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခြစ်နှင့်ခြစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ပါဝင်ပစ္စည်းများ နှင့်အတူ ဆား အရသာမှုန့်တို့ကိုထည့်ကာ  အရသာ သမအောင် ခလောက်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥတို့ကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 22 March 2022

ကြက်ဥမှိုကြော်

 



မာမာဒီနေ့တော့ ကြက်ဥ့ oyster mushroom လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Oyster mushroom - အလုံးကြီးကြီး သုံးခု
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • မှိုမှ မလိုတာတွေကို ဖယ်ပေးပါ
  • မှိုကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော မှိုများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် မှိုများကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော မှို ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 21 March 2022

အပ်မှို အစပ်ဟင်း

 

ဒီနေ့တော့ အပ်မှိုလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အပ်မှို - 250 g
  2. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  4. မာလာအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲငပိအချို - ထမင်းစားဇွန်း နှစ်ဇွန်း
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ပြင်ဆင်ပုံ
  • အပ်မှိုကို မလိုတာတွေဖယ်ပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  အိုးထဲမှာ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ မာလာအနှစ် ပဲငံပြာရည် မန်ကျည်းမှည့်အနှစ် ပဲငပိနှင့် ရေတို့ထည့်ပြီး မွှေပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အပ်မှိုကို ထည့်မွှေပေးကာ သုံးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးကာ နံနံပင် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ စားသုံးရန်အတွက် အပ်မှိုအစပ် ဟင်းပွဲလေးကို ပြင်ပေးလို့ ရပါပြီ။

Friday, 18 March 2022

ဆိတ်သားကင်

 


ဒီနေ့တော့ honey bbq အနှစ်လေး အရသာသွင်းကာ ဆိတ်သားလေး ကင်ဖြစ်တဲ့အတွက် ထမင်းကတော့ စားလို့ မြိန်ခဲ့ပြန်ပါတယ်။

 အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ honey bbq အရသာ ရယ်ဒီမိတ် ပုလင်းလေး ရခဲ့ရင်တော့ ဆိတ်သားကင်လေးကို ကင်စားကြည့်စေချင်ပါတယ်ရှင် ကင်တဲ့အခါ အသားများတူးပြီး မကပ်သွားစေရန် baking paper ကိုသုံးပြီး ကင်ထားပါတယ်။


ပါ၀င်ပစ္စည်းများ

  1. ဆိတ်သား  - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. Honey bbq အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
  7. Baking paper - လိုသလောက်


ပြင်ဆင်ပုံ

  • ဆိတ်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ဆိတ်သားကို  ဆား honey bbq အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကနံထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  • ဘာဘီကျူး အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  • အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတစ်လုံးကို အသုံးပြုပြီး ကင်ပေးပါ
  • မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  • ဒယ်အိုးပေါ်မှာ baking paper ကို ဖြန့်ခင်းပေးပြီး အိုးကို low heat နှင့်  အပူပေးပါ
  • အပူပေးထားသော ဒယ်အိုးထဲမှာ Baking paper ဖြန့်ခင်းပြီး ထောပါတ်ခဲကိုထည့်ပြီး အပူပေးပါ
  • ထောပါတ်ခဲ ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဆိတ်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  • ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  • ဆိတ်သားကင် တစ်ဖက်ကို လေးမိနစ်လောပ် အပူပေးပြီး ဆိတ်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တစ်ဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ လေးမိနစ်လောက် ကင်ပေးပြီးရင် ပျားရည်နံ့လေး သင်းနေသော ဆိတ်သားကင် မွှေးမွှေးလေး ရပါပြီ။

Wednesday, 16 March 2022

သတ်သတ်လွတ် ဟင်းချို


 ဒီနေ့တော့ မိုးထဲလေထဲ ချမ်းလိုက်တာလဲ ခိုက်ခိုက်တုန်နေပြီး မာမာတို့နေတဲ့ မြို့လေးမှာ ရေတွေလဲ ကြီးလို့နေပါတယ်။

ဒီတော့လဲ အချမ်းပြေဖို့အတွက် အိမ်မှာအဆင်သင့် ရှိနေတဲ့ မှိုခြောက်လေးတွေနဲ့ ဟင်းချိုရည်လေး ချက်ဖြစ်ပါတယ်။

 ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မှိုခြောက် - ဆယ်ပွင့်
  2. ကြက်သွန်မိတ် - နှစ်ပင်
  3. နံနံပင် - နှစ်ပင်
  4. သံပုရာသီး - တစ်လုံး
  5. ခေါက်ဆွဲဖတ် - အနည်းငယ်
  6. ဆား - လိုသလောက်
  7. အရသာမှုန့် - လိုသလောက်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ရေ - 5 cups
ပြင်ဆင်ပုံ
  • မှိုကို ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ 
  • ပြီးတာနဲ့ မှိုကို အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ​သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  • ကြက်သွန်မိတ်နှင့် နံနံပင်ကို ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မှို ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့်  အသီးအရွက်တို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ပန်ဟးကန်င်းလုံးထဲမှာ ခေါက်ချိုဆွဲဖတ်ရ ထည့်ပေးပါ
  • ထိုခေါက်ဆွဲဖတ်ထဲကို ဟင်းရည်ပူပူလေး ဆမ်းပေးကာ ကြက်သွန်မိတ်နှင့် နံနံပင်တို့ ဖြူးပေးပါ
  •  ပြီးတာနဲ့ ဟင်းရည် ပူပူလေးထဲကို သံပုရာရည် ညှစ်ပေးကာ သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 15 March 2022

သစ်တိုသီး ငပိချက်

 





ဒီတစ်ခါတော့ သစ်တိုသီးလေးတွေ ဝယ်လာပြီး ငပိချက်လေး ချက်ပါတယ် အချဥ် အရသာလေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 
ပါ၀င်ပစ္စည်းများ
  1. သစ်တိုသီး - လေးလုံး
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး နှစ်ဆယ်သား
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်ဖြူ - အနေတော်အမွှာ နှစ်ဆယ်ခန့်
  5. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း
  6. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  9. ဆား - ထမင်းစားဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • သစ်တိုသီးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ ပေါက်ပြီး လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • မကြာမကြာ မွှေပေးပြီး သစ်တိုသီးကို ထည့်မွှေပေးပါ
  • သစ်တိုသီးများ နူးအိလာစေရန် ရေမြုပ်အောင်ထည့်ပြီး တည်ပေးကာ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ထည့်ထားသော ရေများခမ်းလာကာ သစ်တိုသီးများ နူးအိလာပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  တည်ပေးပါ 
  • အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်ဖြူများကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • သစ်တိုသီး ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • သစ်တိုသီး ပုဇွန်ခြောက် ငါးပိချက် ချဥ််စပ်စပ် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Wednesday, 2 March 2022

မုန့်ကြိုးလိမ်

 

ဒီနေ့တော့ မုန့်ကြိုးလိမ်လေးတွေ လုပ်ဖြစ်ပါတယ် မာမာတို့နေတဲ့ ပြည်နယ်ဖက်မှာ မိုးရွာတာ သုံးပါတ်ကျော်ခဲ့ပြီး တစ်ချို့နေရာတွေလဲ ရေကြီးနေတဲ့အတွက် အပြင်လဲ မထွက်ဖြစ်တော့ပါဘူး။
ဒီတော့လဲ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ မုန့်လေးတွေ လုပ်စားဖြစ်တဲ့အထဲက ဒီနေ့လုပ်ဖြစ်တဲ့ မုန့်ကြိုးလိမ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းဆန်မှုန့် - 200 g
  2. ဆန်မှုန့် - 200 g
  3. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ရေနွေး - 355 ml (မုန့်သားစပ်ရန် ခပ်နွေးနွေးလေးကို သုံးပါ)
  6. ဆီ - လိုသလောက် သုံးပေးပါ (မုန့်သားကြော်ရန်)
  7. သကြား - 120 g
  8. ရေ - 40 ml (သကြားရည်ကျိုရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆီနှင့်ဆားတို့ထည့်ပြီ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေနွေးကို နည်းနည်းချင်း ထည့်ကာ မုန့်သားရအောင် နယ်ပေးပါ
  • ရေနွေးနွေးလေးကို မုန့်သားစပ်ထားတဲ့ အထဲကို တစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းချင်း ထည့်နယ်ပေးပါ
  • မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်တို့က မတူညီနိူင်ကြတဲ့အတွက် ရေကိုနည်းနည်းချင်း ထည့်နယ်တာက အကောင်းဆုံးပါ
  • မုန့်သား အနေတော် ရလာပြီဆိုရင် မုန့်အသား သေအောင် သုံးနာရီလောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားတာ ရတာနဲ့ မုန့်သားကို အချက်နှစ်နှစ်လောက် ဖိဖိပြီး ထပ်နယ်ပေးပါ
  • ပြီးတာနဲ့ မုန့်သားကို လက်တစ်ဆုတ်စာသာသာ ယူပြီးတာနဲ့ လက်ထဲမှာ ဆယ်ချက်လောက် ဆုတ်ဆုတ်ပေးပါ
  • ပြီးတော့မှ မျက်နှာပျင်ညီသော နေရာမှာ လက်ဝါးနှစ်ဖက်နှင့် ဆယ်လက်မလောက် အရှည်ရအောင် လှိမ့်ပေးပါ
  • မုန့်သား ရှည်ရှည်လေး ရတာနဲ့ အလယ်လောက်ကနေ ထက်ဝက်လောပ်ကနေ ခပ်ကွေးကွေးလေးရအောင် ကွေးပေးပါ
  • ပြီးတာနဲ့ ထိုမုန့်သား နှစ်ဖက်ကို လိမ်ပေးကာ အောင်ဖက်အနားစ နှစ်ဖက်ကို ဖိပြီးကပ်ပေးပါ
  • ထိုနည်းအတိုင်း မုန့်သားကုန်တဲ့အထိ လုပ်ပေးပါက မုန့်ကြိုးလိမ် ဆယ်ခု ရပါမယ်။
မုန့်ကြော်ရန်
  • အိုးတစ်လုံးထဲမှာ ဆီခပ်များများလေး ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ အိုးဆန့်သလောက် မုန့်ကြိုးလိမ်လေးတွေကို ထည့်ကြော်ပေးပါ
  • မုန့်သား အကျက်ညီစေရန် မကြာမကြာ လှည့်ပေးပြီး မုန့်သားကျက်ပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကျန်နေသော မုန့်များကိုလဲ ကုန်တဲ့အထိ ဆက်ကြော်ပေးကာ ဆီစစ်ပေးပါ 
သကြားရည်ကျိုရန်
  • ဒယ်အိုးတစ်လုံးထဲမှာ သကြားနှင့်ရေတို့ထည့်ပြီး သကြားအရည်ပျော်ကာ ခပ်စေးစေး အနေအထားရတဲ့အထိ တည်ပေးပါ
  • သကြားများ အရည်ပျော်ပြီး ခပ်စေးစေး အနေအထား ရလာတာနဲ့ ဆီစစ်ထားတဲ့ မုန့်ကြိုးလိမ်လေးတွေကို ထည့်မွှေပေးပါ
  • မွှေနေရင်းက သကြားအရည်များ ခြောက်လာပြီး သကြားလေးတွေ ပွင့်လာရင် အပြင်သား ကြွတ်ကြွတ် အတွင်းသား အိအိလေးနဲ့ မုန့်ကြိုးလိမ်လေးတွေ ရပါပြီ။