Tuesday, 7 April 2020

ဂျလေဘီမုန့်








ဒီနေ့တော့ ဂျလေဘီလုပ်နည်းလေး မျှဝေပေးချင်ပါတယ် မုန့်တစ်ခုခု လုပ်မယ်ဆို စိတ်တော့ ရှည်ရပါတယ် စိတ်ရှည်မှလဲ မုန့်ရဲ့အရသာ ကောင်းကောင်းလေးနဲ့ မုန့်လှလှလေး ရမှာဖြစ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဂျုံမှုန့် - 125 g
  2. ရေ - 125 g  ( မုန့်နှစ်စပ်ရန် )
  3. မတ်ပဲ - 50 g (အခွံခြွတ်ပြီးသား ) (သို့ ) မတ်ပဲအမှုန့် 
  4. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. food color - လက်ဖက်ရည်ဇွန်း တစ်ဝက် ( အဝါရောင်ကိုသုံးပါ )
  6. သကြား - 500 g
  7. ရေ - 500 g ( သကြားကျိုရန် )
  8. ဖာလာစေ့ - ၄စေ့ခန့်
  9. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆီ - လိုသေလာက္​
  11. မုန့်နှစ်ထည့်ပြီး ညှစ်ရန်အတွက် ခရမ်းချဉ်သီးဆော့ထည့်သည့် ကော်ဗူး - တစ်ဗူး
  12. မုန့်ကြော်ရန် အောက်ချေမကပ်သော ဒယ်အိုး - တစ်အိုး

ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး ၃နာရီခန့် ရေစိမ်ထားပါ
  • မာမာကတော့ သုံးရလွယ်တဲ့ မတ်ပဲအမှုန့်ကို သုံးထားပါတယ်
  • ရေစိမ်ထားသော ပဲများပွလာပါက ဗလင်ဒါထဲမှာ ရေ ထမင်းစားဇွန်းခန့်ထည့်ပြီး ခပ်ပြစ်ပြစ်လေး ကြိတ်ပေးပါ
  • မတ်ပဲအမှုန့်ကို သုံးမယ်ဆိုရင်တော့ ဆီ သံပုရာရည် ဖာလာစေ့နှင့် သကြားမှလွဲပြီး ပါဝင်ပစ္စည်းများကို  ရောမွှေပေးပါ
  • ဖာလာစေ့နှင့် သံပုရာရည်ကို အဆင်သင့် ပြင်ထားပါ
  • သကြားနှင့် ရေတို့ကို ရောပြီး သကြားပျော်လာအောင် ကျိုပေးပါ
  • သကြားများ အရည်ပျော်လာပါက ဖာလာစေ့ကို ကွဲသွားတယ်ဆိုရုံလေးထုကာ ထည့်ပေးပါ (မထည့်လဲ ရပါတယ်)
  • ပြီးတာနဲ့ သံပုရည်ထည့်ကာ မွှေပေးပါ
  • သကြားရည်ကို အရမ်းမပြစ်မသွားစေဘဲ မုန့်သားစိမ်လို့ရရုံ ကပ်စေးစေး ဖြစ်ရုံလေး ကျိုပေးပါ
  • သကြားရည် ကျိုရာမှာ အရမ်းမကျဲ အရမ်းမပြစ်စေရန် သတိထားပါ
  • သကြားရည် အရမ်းကျဲပါ မုန့်စိမ်တဲ့အခါမှာ မုန့်သားများ ကွဲထွက်သွားနိူင်ပြီး သကြားရည် အရမ်းပြစ်ပါက မုန့်ရည်စိမ်တဲ့အခါမှာ မုန့်သားထဲ မဝင်ဘဲ ဖြစ်သွားတတ်ပါတယ်
  • သကြားရည်ကျိုပြီး အဆင်သင့် ဖြစ်ပါက ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပြောင်းပြီးထည့်ထားပါ
မုန့်နှစ်ဖျော်ရန်
  • ဇလုံအနေတော် တစ်လုံးထဲမှာ ဂျုံမှုန့် food colorနှင့် baking powder တို့ကို သမအောင် ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ ရေ ပေါင်းအိုးဆန်ချဉ်ခွက်ရဲ့လေးပုံသုံးပုံကိုထည့်ကာ သမသွားအောင် သေသေချာချာ မွှေပေးပါ
  • ပြီးတာနဲ့ ကြိတ်ထားသော မတ်ပဲအနှစ်များကို ထည့်မွှေပေးပါ
  • မာမာကတော့ မတ်ပဲအမှုန့်ကို သုံးတဲ့အတွက် တခါထဲ သမအောင် မွှေလိုက်ပါတယ်
  • မုန့်နှစ်ရလာတာနဲ့ ခရမ်းချဉ်သီးဆော့ထည့်သည့် ပလပ်စတစ်ဗူး အလွတ်ထဲကို ထည့်ပေးပါ
မုန့်သားကြော်ရန်
  • မုန့်နှစ်ထည့်ထားသော ခရမ်းချဉ်သီးဆော့ထည့်သည့် ဆော့ဗူးအလွတ်ကို ပြင်ထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  • ပြီးတာနဲ့ ဆော့ဗူးထဲမှ မုန့်နှစ်ကို တစ်ဖက်သပ်ထဲဝိုက်ပြီး ၄ခါလောက် ဝိုက်ပြီးထည့်ပေးပါ
  • ဒယ်အိုးထဲမှာ မုန့်သားများ ဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်ထားသော မုန့်သားများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားသော သကြားရည်ထဲ တန်းထည့်ပေးပါ
  • သကြားရည်များ မုန့်သားထဲ စိမ့်ဝင်သွားအောင် ဇွန်းဖြင့့်အနည်းငယ် ဖိပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားများ ကုန်တဲ့အထိ ကြော်ပေးလိုက် သကြားရည် စိမ်ပေးလိုက် လုပ်ပြီးပါက စားလို့အရမ်းကောင်းတဲ့ ဂျလေဘီမုန့်လေးတွေ ရပါပြီ
  • တစ်ခါထဲ စားလို့မကုန်ပါက သကြားရည်စိမ်ထားသော ဂျလေဘီမုန့်လေးများကို ရေခဲသေတျွှာထဲမှာ ထည့်ထားပြီး စားသုံးနိူင်ပါတယ်။
  • ခရမ်းချဉ်သီးဆော့ထည့်သည့် ဗူးမရှိပါက ပလပ်စတစ်အိတ် ခပ်ထူထူထဲ မုန့်နှစ်ထည့်ကာ အိတ်ရဲ့အောက်ချေ ထောင့်ကို အနည်းငယ် ဖောက်ပေးပြီး ညှစ်ချပေးပါက ရပါတယ်။

Monday, 6 April 2020

ကြက်သားလုံး အစိမ်းကြော်



တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားလိုက် စဉ်းစားထားတဲ့ အတွေးတွေက ပျောက်သွားလိုက်နဲ့ COVID19 ကြောင့် စျေးလဲမသွားချင်တာနဲ့ အိမ်မှာရှိတာလေး ဟင်းပွဲတစ်ပွဲ ဖြစ်အောင် ကြံရဖန်ရပြန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားလုံး အစိမ်းကြော် တစ်ပွဲအတွက် ရှိတာလေးနဲ့ အဆင်ပြေအောင် ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ကြက်သွန်မိတ် - နှစ်ပင်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်ဥ - တစ်လုံး
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - လိုသလောက် သုံးပေးပါ( ကြက်သားလုံးကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)
ကြက်သားအရသာနယ်ရန်
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ကြက်ဥ - တစ်လုံး (အကာဘဲယူပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
  • ကြက်ဥအကာကို ခလောက်ထားပါ
  • ပြောင်းကော်မှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ
  • အရသာ နယ်ထားသော ကြက်ဥနှင့် ကော်မှုန့် အရည်ဖျော်ထားတာတို့ကို ရောပြီး နယ်ပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • ကြက်သားလုံးကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့ ပဲငံပြာရည် အကြည် မုံလာဥနီ ဆားနှင့် အရသာမှုန့်တို့ကို နှစ်မိနစ်လောက်ဘဲ ထည့်ကြော်ပါ
  • ပြီးတာနဲ့ ကြော်ထားသော ကြက်ကြော်ကိုထည့်ပြီး မွှေပေးပါ
  • ကြက်သားလုံးကြော်ကို ထည့်ပြီးတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ 
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်မိတ်ထည့်ပြီး မွှေပေးပါ
  • ချိုစိမ့်စိမ့်လေး ကြက်သားလုံးကြော်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 4 April 2020

ဆန်ပြားခေါက်ဆွဲကြော်


နေ့လည်နေ့ခင်း အစာပြေ စားဖို့အတွက် ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ ဆန်ပြားခေါက်ဆွဲဖတ်ကို အသားမပါဘဲ ကြော်ဖြစ်ပါတယ် ကြော်ပြီးပြီးချင်း ပူပူလေး စားရတဲ့ အရသာက အရမ်းကို ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - တစ်ရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ဘဲဥ - နှစ်လုံး
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဘေဘီမုန့်ညှင်း - အနေတော် တစ်ပင်
  6. ပဲပင်ပေါက် - နှစ်သက်သလောက်
  7. ပဲတောင့်ရှည် - ငါးတောင့်
  8. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  9. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဘဲဥကို ဇလုံထဲမှာ ဖောက်ထဲ့ပေးပြီး ခလောက်ထားပါ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး ခပ်စောင်းစောင်း လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အဂရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ရေစစ်ထားတဲ့ ဘေဘီမုန့်ညှင်း ပဲသီးနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့်ဘ အရသာ စပ်ထားသော အရည်ကကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြာ်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ငါးရံ့အသားလွှာ ဆီလည်ရေလည်ဟင်း


ဒီနေ့တော့ မြန်မာပြည်ကလာတဲ့ ငါးရံ့လေးတွေကို ဗီယက်နမ်စျေးမှာ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချိုချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်။

ငါးရံ့ကို အကွင်းလိုက်ချက်ရင် မစားတဲ့ သမီးငယ်အတွက် အရိုးထွင်ပြီး အသားလွှာကာ ချက်လိုက်တဲ့အတွက် အရိုးထွင်စရာ မလိုဘဲ စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ငါးရံ့- အကောင်ကြီးကြီး တစ်ကောင်
ကြက်သွန်နီ - အနေတော် တစ်ဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
ချင်း - လက်တစ်ဆစ်ခန့်
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ကြက်သွန်မိတ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ခရမ်းချဉ်သီး - အနေတော် သုံးလုံး

ပြင်ဆင်ပုံ

ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေကာ အသားလွှာပေးကာ အသားလွှာကို အတုံးလေးတွေ တုံးပေးပါ
အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
 ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်တို့ အုပ်ပေးပါ
ငါးဟင်း အရသာ ချိုချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Friday, 3 April 2020

သာကူ ပူတင်း













ဒီတခါတော့ အိမ်မှာရှိတဲ့ သာကူလေးတွေ လက်ကျန်ဖြတ်ချင်တာနဲ့ သာကူပူတင်းလေး လုပ်စားဖြစ်ပါတယ် အချိုပွဲအတွက် အရမ်းစားလို့ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အုန်းနို့့ - 250 ml
  2. ဆွမ်းမွှေးရွက် - သုံးရွက်
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ရေ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ထန်းလျှက်ခဲ - 70 g
  6. ရေ - 900 ml
  7. သာကူစေ့ အသေး - 2 ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ပူတင်းပုံဖော်ရန် ဖန်ပန်းကန် သေးသေးလေး - သုံးခု
  9. Glad wrap - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ 900 ml ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ သာကူစေ့ကို ထည့်ပြုပ်ပေးပါ
  • သာကူစေ့များ ပြုပ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • မျက်စေ့အဆံလေးတွေ ပျောက်လာတာနဲ့ ဇကာစိတ်စိတ်လေးထဲ သွန်ချပေးပြီး ရေနွေးများ ကုန်သွားအောင် စစ်ပေးပါ
  • ပြီးတာနဲ့  အဆင်သင့် ပြင်ထားသော ဖန်ပန်းကန်လေးတွေထဲကို မျှထည့်ပေးပါ
  • မုန့်သားလှစေရန် သာကူများ ထည့်နေစဉ် ဇွန်းနှင့် ခပ်ဖွဖွလေး လိုက်ဖိပေးပါ
  • ပြီးတာနဲ့ glad wrap နှင့် ပန်းကန်လေးတွေကို အုပ်ပေးပါ
  • ပြီးတာနဲ့ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ သုံးနာရီလောက် ထားပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့်ဆားကိုထည့်ပြီး ကျိုပေးပါ
  • အုန်းနို့ အတော်လေး ပျစ်လာပြီဆိုရင် မီးပိတ်ပေးပြီး ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးပါ
  • ထန်းလျှက်ခဲကို ကျိုရတာ မြန်စေရန် ဓါးနှင့် ခပ်ပါးပါးလေးတွေ လှီးထားပေးပါ
  • ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး အထုံးလေး ထုံးပေးထားပါ
  • အုန်းနို့ကျိုတဲ့ အိုးကိုဆေးပြီး ထိုအိုးထဲမှာ ရေထမင်းစားဇွန်း နှစ်ဇွန်း ဆွမ်းမွှေးရွက်နှင့် ထန်းလျှက်ခဲကို ထည့်ပြီး ကျိုပေးပါ
  • ခပ်ပျစ်ပျစ် အနေအထား ရတဲ့အထိ ကျိုပေးပြီး မီးပိတ်ပေးကာ ဆွမ်းမွှေးရွက်ကိုဖယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပေးပါ
  • သာကူစေ့ ရေခဲသေတာထဲ ထည့်ထားတာ သုံးနာရီ ပြည့်ပြီဆိုတာနဲ့ အပြင်ထုတ်ပေးပါ
  • သာကူပူတင်း ထည့်ပေးရန် ပြင်ထားသော ပန်းကန်ပြားပေါ်ကို သာကူပူတင်းလေးတွေ ထည့်ပေးပါ
  • သာကူပူတင်း လှလှလေး ရစေရန် ပန်းကန်ထဲမှ ဇွန်းခရင်းလေးဖြင့် အသာလေး ကော်ပြီးတွန်းချပေးပါ
  • ပြီးတာနဲ့ အုန်းနို့နှင့် ထန်းလျှက်ရည်ကို ဆမ်းပေးပြီး ချိုချိုစိမ့်စိမ့် သာကူပူတင်းလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 2 April 2020

ပုဇွန်ကင်


ဒီတစ်ခါတော့ ပုဇွန်ကင်လေး စားချင်စိတ် ပေါ်လာတာနဲ့ နံနံပင်ထောင်း စပါးလင်ထောင်း ချင်းနဲ့ ကြက်သွန်ဖြူလေးတွေ ထုထောင်းကာ နှမ်းဆီနှင့် သံပုရာရည်လေးဆမ်းပြီး အရသာနယ်ပြီး ကင်ထားပါတယ်။

ကင်နေထဲက မွှေးတဲ့အရသာက မွှေးကြိုင်နေတဲ့အတွက် ချက်ချင်းစားချင်တွေ ဖြစ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကင်ထားတဲ့ ပုဇွန်ကင် ကင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၅ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  6. နံနံပင် - လေးပင်ခန့်
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. စပါးလင် - တစ်လက်မ
  9. သံပုရာသီး - တစ်ခြမ်း
  10. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. အကင်အိုး
  12. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးကာ အမြှီးချန်ထားပြီး ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးပါ
  • အားလုံးသန့်စင်ပြီးပါက ရေနှင့်ထပ်ပြီး ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • နံနံပင်ကို အပင်လိုက် ရေဆေးကာ မညက်တညက် ထောင်းပေးပါ
  • စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ရိတ်ရိတ် လှီးကာ မညက်တစ်ညက် ထောင်းထားပါ
  • သု့ပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်ကောင်းမှုန့် ဆား ချင်းထောင်း အရသာမှုန့် ကြက်သွန်ဖြူထောင်းနှင့် နှမ်းဆီတို့ကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပုဇွန်ကိုနံနံပင်ထောင်း ကြက်သွန်ဖြူထောင်း ဆား အရသာမှုန့် ချင်းထောင်း သံပုရာရည် စပါးလင်ထောင်း ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့နှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် နှပ်ထားပါ
  • ပုဇွန်နှပ်ထားတာ အချိန်ပြည့်တာနဲ့ ကင်မည့်အိုးကို အပူပေးပါ
  • အကင်အိုး ပူလာတာနဲ့ အိုးကို ဆီသုတ်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ အရသာ နယ်ထားသော ပုဇွန်ကို တစ်ကောင်ချင်း နေရာဆန့်သလောက် ထည့်ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေး ဆိုသလိုပါဘဲ တစ်ဖက်ကို တစ်မိနစ်ခွဲစီလောက်ဘဲ ကင်ပေးပါ
  • တစ်ဖက်ကျက်လို့ တစ်ဖက် လှန်ပေးပြီးတာနဲ့ အပေါ်ဖက်ကို ဆီခပ်များများလေး သုတ်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ ဆယ်ပြီးပန်းကန်ထဲ ထည့်ပေးပါ
  • ထိုအကင်အိုးထဲမှာ အရသာ နယ်ထားတဲ့ ကြက်သွန်ဖတ်များ ချင်းဖတ်များကို အရည်စစ်ပြီး ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ဆယ်ပေးပြီး ပုဇွန်ကင် အပေါ်ကို ဖြူးပေးကာ မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် ပုဇွန်ကင် မွှေးမွှေးလေး ရပါပြီ
အကင်အိုး မရှိပါက အောက်ခြေမကပ်သော ဒယ်အိုးနှင့် ကင်နိုင်သလို မီးသွေးမီးဖိုပေါ်တို့မှာလဲ အကင်ဇကာခံကာ ကင်ပေးနိုင်ပါတယ်။

Wednesday, 1 April 2020

မှို ကန်စွန်းရွက် ချဉ်ရည်ဟင်း




ကိုရီးယား မှိုလေးတွေ ဝယ်လာဖြစ်တာနဲ့ ကန်စွန်းရွက်နဲ့ရောကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ဖြစ်ပါတယ် ချဉ်ရည်ဟင်းကို ပင်စိမ်းရွက်လေး အုပ်ကာ ချက်ထားတာမို့ စားလို့ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းဖြူ  - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
  2. ကိုရီးယားမှို  - နှစ်ပွင့်
  3. ပင်စိမ်းရွက် - လက်တစ်ဆုတ်စာ
  4. ကြက်သွန်နီ - တစ်ခြမ်း
  5. ကြက်သွန်ဖြူ - နှစ်မွှာ
  6. ချင်း - လက်တဆစ်၏ တစ်ဝက်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. မကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးဖယ်ငဆုတ် - ဆယ်ခုခန့်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက်ကို တစ်ပင်ချင်း ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ
  2. မှိုကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. ပင်စိမ်းရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  5.  ငါးဖယ်ငဆုတ်ကို ကြော်ပြီး အဆင်သင့် ပြင်ထားပါ
  6. မကျည်းသီး အမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  7. ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ လှီးထားသော မှိုများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  8. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်ပေးပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  10. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  11. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပင်စိမ်းရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  12.  ထမင်းမိန်စေတဲ့ မှို ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။