Sunday, 9 October 2016

ငရုတ်ကောင်း ဆန်လှော်မုန့်ဟင်းခါး














မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ ချက်နည်းအစုံ တွေ့ရမှာပါ ဒီနေ့တော့ ကိုယ်စားဖူးတဲ့ အရသာလေးကို အခြေခံပြီး ဖားအံဆေးရုံဘေးမှာ ရောင်းတဲ့ မုန့်ဟင်းခါး အရသာအတိုင်း ရအောင် ချက်ထားကာ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန့်ဟင်းခါးဖတ် - 1000g
  • ငါးခူ - 500g
  • ငါးငံပြာရည် - လိုသလောက်
  • ဆား - လိုသလောက်
  • ကြက်ဥ - ၆လုံး
  • ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )
  • ကြက်သွန်နီ - အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)
  • ဆန်လှော်မှုန့် - ၁၀၀ဂရမ်
  • ချင်း - တလက်မခန့်
  • နနွင်းမှုန့် - လိုသလောက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး (ဆီချက်ချက်ရန်)
  • ရေအေး - ၃လီတာခန့် (ဟင်းရည်ချက်ရန် )
  • ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)
  • ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် ပူစီနံ နံနံပင် သံပုရာသီး - လိုသလောက်
ငါးပြုပ်ရန်
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူကို ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးကျက်ပါက ငါးပြုပ်ရည်ကို ဖယ်ထားပါ
  • ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို ထောင်းပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ
ပြင်ဆင်ရန်
  • ကြက်ဥ၅လုံးကို ပြုပ်ပြီး အခွံခွာကာထားပါ
  • ကြက်ဥ တလုံးကို အစိမ်းခလောက်ထားပါ
  • ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ
  • ချင်းကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်ကောင်းမှုန့်ကို ညက်အောင်ထောင်းထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် သံပုရာသီးတို့ကို ရေဆေးကာ ပြင်ထားပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ
  • နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲကြော် ပြင်ထားပါ
  • ကြက်သွန်ဖြူ ဆီချက်ပြင်ထားပါ

ကြက်သွန်ဖြူ ဆီချက်ချက်ရန်

  • ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို အခွံခွာကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ
  • ဒယ်အိုးတလုံးမှာ ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာထည့်ပါ
  • မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ


ငါးဆီသတ်ရန်

  • ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊ နီ  ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ
  • ပြီးတာနဲ့ နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ
  • ငါးအသားများ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်းတ၀က်ကို ထည့်မွှေပေးပါ
  • ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ

ဟင်းရည်ချက်ရန်


  • ဇောက်နက်သော အိုးကြီးကြီး တလုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည်  ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ပြုတ်ထားသော ကြက်ဥတို့ကို ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက နောက်ထပ်ရေ အနေတော် ထပ်ထည့်ပေးပါ

  • ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ
  • ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ
  • ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ
  • ကြက်သွန်နီများ နူလာပါက ခလောက်ထားသော ကြက်ဥကို ဟင်းရည် ပွက်ပွက်ဆူနေချိန်မှာ အိုးအပေါ်မှ စက်ဝိုင်းပုံစံ လောင်းချပေးပြီး  တဖက်သတ်ထဲ မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ သံပုရာရည်  ပဲပင်ပေါက် ကြက်သွန်ဖြူဆီချက်အဖတ် ကြက်သွန်ဖြူ ဆီချက်အနည်းငယ် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိလှသော ငရုတ်ကောင်း ဆန်လှော် မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ

Saturday, 8 October 2016

ကြက်အသည်း ဆီပြန်ဟင်း


ကြက်အသည်းတွေ ၀ယ်ထားပြီး သုပ်စားရင် ကောင်းမလား ပြုပ်ပြီးအချဉ်လေးနဲ့စားရင် ကောင်းမလား စဉ်းစားရင်းက ဆီပြန်လေးဘဲ ချက်ဖြစ်သွားပါတော့တယ် ကြက်အသည်းက မချက်တတ်ရင် အင်မတန် ညှီတဲ့အတွက် ဟင်းခတ်အမွှေးအကြိုင် များများများသုံးဖို့တော့ လိုပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • ပျဉ်းတော်သိမ်းရွက် - ၃ခက်ခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန်နှင့် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ကြက်အသည်းနှင့်ကပ်နေသော သည်းခြေအိတ်ကိုထုတ်ပြီး ရေဆေးပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကိုထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ဆီသတ်နေစဉ် ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာ အိုးကိုလှုပ်ပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာပျဉ်းတော်သိမ်းရွက်နှင့်  မဆလာအုပ်ပြီး အရသာမြည်းပါ
  • အရသာကို လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်း မွှေးမွှေးလေး ရပါပြီ။

Friday, 7 October 2016

ကြက်ဥ ငါးပိချက်



ဒီနေ့တော့ ဟင်းချက်စရာ စဉ်းစားရတာ ဆံပင်လဲ တော်တော် ဖြူလာပြီမို့လို့ အိမ်မှာရှိတာတွေ မွှေနှောက်ပြီး သီးရွက်စုံ ချဉ်ရည်ဟင်း တစ်မယ်ရယ် ကြက်ဥငါးပိချက်ရယ် ချက်ဖြစ်လို့ကြက်ဥငါးပိချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - လေးလုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  4. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  5. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွှန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ကြက်ဥကို ဇလုံတလုံးထဲ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • အိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး တမိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ခလောက်ထားသော ကြက်ဥ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နှစ်သက်ရာ တို့စရာနှင့် ချဉ်ရည်ဟင်းတို့ဖြင့် တွဲဖက်ပြီး စားနိုင်မည့် ကြက်ဥငါးပိချက် စပ်စပ်လေး ရပါပြီ။

Thursday, 6 October 2016

အမဲသားစင်းကော ဆီပြန်


အသား အတုံးလိုက်ကြီးတွေ စားရတာ မစားချင်လေတော့ ဒီတစ်ခါ အမဲသားကို စင်းကောလေးလုပ်ပြီး အမဲသားစဉ်းကော ဆီပြန်လေးချက်ပြီး ထမင်းပူပူနဲ့စားဖို့ရာ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  10. ပြောင်းဖူးစေ့ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ

  • အမဲသားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စင်းပါ
  • စဉ်းထားသော အသားကို ဆား အချိုမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အချောင်းရှည်လေးတွေလှီးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပြောင်းဖူးစေ့ကို ပြင်ထားပါ
ဟင်းချက်ရန်
  1. ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း  ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးကြော်ပါ
  2. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အသားကို ထည့်မွှေပါ
  3. အသားများ လုံးထွေးထွေးကြီး ဖြစ်မနေစေရန် ဇွန်းဖြင့်ဖိဖိချေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
  4. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြောင်းဖူးစေ့များထည့်၍ အဖုံးဖုံးကာ တည်ပေးပါ
  5. ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Wednesday, 5 October 2016

မုန့်ဖတ်သုပ်


အခုတစ်လော စိတ်ပင်ပန်း လူပင်ပန်းနဲ့ ထမင်းစားချင်စိတ်တွေလဲ ပျောက်သလိုလို ဆိုတော့ကာ အသုပ်လေးကို  ဟင်းခါးပူပူလေးချက်လို့ အသုပ်စုံလေးတွေဘဲ စားချင်နေမိတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မုန့်ဖတ်ကို ခပ်စပ်စပ်လေးသုပ်ပြီး စားဖို့ပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မုန့်ဟင်းခါးဖတ် - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. ပူဇွန်ခြောက်မှုန့် - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  9. ငါးငံပြာရည် - လိုသလောက်
  10. နံနံပင် - လိုသလောက်
  11. ကြက်သွန်ဖြူ  - လိုသလောက်
  12. ဂေါ်ဖီ - အရွက်ကြီးကြီး သုံးရွက် (ဟင်းခါးချက်ရန်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (ဟင်းခါးချက်ရန်)
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်မျာနှင့် ရောပေးပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူမှာ စိမ်ထားပါ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါး လှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးနွေးနွေနဲ့ တည်ထားပါ
တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ မုန့်ဖတ်နှင့် ကြက်သွန်နီတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပြီး အရသာကို မြည်းပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ချဉ်ငံစပ် အသုပ်ပွဲကို ပြင်ပေးပါ
  • ချဉ်ငံစပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Monday, 3 October 2016

Zuchini ​ကြော်ချက်





အရည်သောက် ဟင်းတမယ်အတွက် ဘာချက်ရင်ကောင်းမလဲ စဉ်းစားမိတိုင်း ကိုယ်စားနေကျ မဟုတ်တဲ့ အသီးအနှံတွေ ကြားထဲမှာ ချာချာလည်ခဲ့ရပေမဲ့ ဒီနေ့တော့ ဗူးသီးကြော်ချက်လိုဘဲ စားလို့ကောင်းစေတဲ့ Zuchini ကြော်ချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Zuchini - အနေတော် တလုံး
  2. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  3. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. Zuchiniကို ထိပ်နှစ်ဖက်ဖြတ်ပြီး အလုံးလိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးမှ ထက်ခြမ်းခြမ်းကာ ခပ်ထူထူလေး လှီးပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  4. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  5. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  6. ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော Zuchiniကို ထည့်ကြော်ပါ
  7. Zuchiniကို နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲနှင့် ကြက်သားမှုန့်တို့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေဆူပြီး Zuchini နူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ငါးငပိချက် တို့စရာနှင့် အသားလုံးကြော်တို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Saturday, 1 October 2016

သာခွေယိုင်







ဒီနေ့တော့ နေ့လည်နေ့ခင်း ဘာလေးလုပ်စားရမလဲ စဉ်းစားရင်းက အုန်းနို့လေး အဆင်သင့် ရှိနေတာနဲ့ သာခွေယိုင်လေး လုပ်စားဖြစ်ခဲ့ကြပါတယ်။

အိမ်မှာလုပ်တဲ့ အိမ်လုပ်သရည်စာ အလွယ်လုပ်နည်းလေးဖြစ်လို့ စားချင်စိတ် ပေါ်တဲ့အခါ လုပ်စားနိူင်အောင် မလေးရှား သာခွေယိုင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ (၂ပွဲစာ)

ကောက်ညှင်းငချိတ် - ထမင်းစားဇွန်း ၈ဇွန်း
အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
Rock Sugar - 140 g
Palm Sugar - 60 g
ဆွမ်းမွှေးရွက် - ၂ရွက်
ရေ - 1600 ml

ပြင်ဆင်ပုံ
ကောက်ညှင်းငချိတ်ဆန် ရေ rock sugar,palm sugar ,ဆွမ်းမွှေးရွက်နှင့် အုန်းနို့တို့ကို ပြင်ထားပါ
ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ၂ပိုင်းပိုင်းကာ ထုံးထားပါ
ကောက်ညှင်းဆန်ကို ရေဆေးထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကောက်ညှင်းဆန် rock sugar, palm sugar ဆွမ်းမွှေးရွက်တို့ကိုထည့်ပြီး မိနစ်၃၀ခန့် တည်ပေးပါ
မိနစ်၃၀ခန့် တည်ပြီးတာနဲ့ မီးပိတ်ပေးပါ
တယောက်စာအတွက် အဖတ်နှင့် အရည်ကို ပန်းကန်လုံးလေးထဲမှာ ထည့်ပေးပြီး အပေါ်မှ အုန်းနို့ထမင်းစားဇွန်း တဇွန်းခွဲစာ ဆမ်းပေးကာ မလေးရှား သာခွေယိုင် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ရန် ပြင်ပေးနိူင်ပါပြီ။