Wednesday 24 January 2024

အမဲသား ခရမ်းချဉ်သီးဆီပြန်

 


ဒီနေ့တော့ ဈေးသွားရင်းက ကိုင်းခရမ်းချဉ်သီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး အမဲသားကို ကိုင်းခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။

ကိုင်းခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် အမဲသားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကိုင်းခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  8. Ready made ခရမ်းချဉ်သီးဗူး - 400 g
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  13. ပျဉ်းတော်ငိမ်းရွက် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  • Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ပျဉ်းတော်သိမ်းရွက် စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  4. ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုပ် အရသာ ရအောက် ပြင်ပေးပါ
  8. အရသာ လိုသလို ပြင်ပြီး ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment