Monday 22 January 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်ထားပြီး မစားဖြစ်သေးတဲ့ မုန့်လာဥနီ သေးသေးလေးတွေကို ဒန့်ဒလွန်သီးနဲ့ မျှင်ငပိလေးထည့်ကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့အရမ်း ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဒန့်ဒလွန်သီး - ငါးတောင့်
  2. မုံလာဥနီ - အလုံးငါးဆယ်ခန့်
  3. ခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. မျှင်ငပိ - အနည်းငယ်
  5. နံနံပင် - ၇ ခက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ငရုတ်သီးမှုန့် - အနည်းငယ်
  9. ချင်း - လက်တဆစ်ခန့်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥနီနှင့် ဒန့်ဒလွန်သီး ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

No comments:

Post a Comment