Friday 12 January 2024

ချဉ်ပေါင်ကြော်


ဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ပေးလိုက်တဲ့ ခဲထားတဲ့ ချဉ်ပေါင်ရွက်လေးတွေကို ကြော်ပါတယ်။

ချေပြီးခဲထားတဲ့ ချဉ်ပေါင်ရွက် ဖြစ်တဲ့အတွက် ကြော်ရတာတော့ အရမ်းမြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ချဉ်ပေါင်ကြော်ရန် ပါ၀င်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက် - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  3. ပုဇွန်အကောင်သေး - မျမျနှစ်သက်သလောက် ထည့်ပေးပါ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်းခန့်
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ခဲထားသော ချဉ်ပေါင်ရွက်ကို ဖျော်ထားပါ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပြီး ကျောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်များကို ထည့်ပေးကာ နှစ်မိနစ်သာသာလောက် ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်မွှေပေးပါ
  • ချဉ်ပေါင်ရွက်များ နူးပြီး ကျေလာတာနဲ့ ပုဇွန်ငါးပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ။

No comments:

Post a Comment