Sunday 2 April 2023

ဝက်နံရိုးဆီပြန်

 


ဒီနေ့တော့ ဝက်နံရိုးကို မျှင်ငပိလေး အနည်းငယ်ထည့်ကာ ချက်ထားပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်နံရိုး - 500 g 
  2. မျှင်ငပိ - လက်မတစ်ဆစ်စာ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဝက်နံရိုးများကို အတုံးလိုက် ရေဆေးပြီးမှ ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး မျှင်ငပိ ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် ဝက်နံရိုးကို ဆီနိုင်နိုင် သတ်ပေးပြီးမှ ချက်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်နံရိုးကိုထည့်ပြီး ဆီသတ်ပါ
  • ဝက်နံရိုးများ ထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ဝက်နံရိုးများ လုံးမိစေရန် ရေအနည်းငယ် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်နံရိုးများ အရောင်ပြောင်းလာပြီး လုံးမိပြီ ဆိုတာာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ထည့်ထားသော ရေများကို မခမ်းတစ်ခမ်း တည်ပေးပြီး နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ဒုတိယ တစ်ရည်မခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • ဟင်းအိုးထဲမှာ ဆီပြန်လာတာနဲ့ မီးပိတ်ပေးပြီး ဝက်နံရိုးဆီပြန်ဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment